ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်ကွင်းမှာ အက်စတွန် ဗီလာကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ရဲ့ အစွမ်းအစကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဆီ သတိပေးချက် ပေးပို့နိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ပေါ်တူဂီလက်ရွေးစင် ဘရူနို ဖာနန်ဒက်စ်က ကိုယ်တိုင်ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ နိုင်ပွဲရဖို့အတွက် အဓိက ပုံဖော်ပေးခဲ့သူ ဖြစ်ခဲ့ပါတယ်။
ဘရူနိုဟာ အဲ့ဒီပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် တစ်ရာသီအတွင်း မန်ချက်စတာ ယူနိုက်တက်အတွက် ဂိုးဖန်တီးမှု အများဆုံးပြုလုပ်ပေးထားတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် သူဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး စံချိန်ကိုလိုက်မီဖို့ ကျန်ရှိနေတဲ့ ၈ ပွဲမှာ ၄ ကြိမ်ပဲ လိုပါတော့တယ်။ သူရဲ့ ထောင့်ကန်ဘောကနေတစ်ဆင့် ကတ်စမီရိုက ဂိုးသွင်းယူခဲ့သလို မားသီးယပ်စ် ကွန်ညာအတွက်လည်း အမှားအယွင်းမရှိတဲ့ ပေးပို့မှုတစ်ခုကို ဖန်တီးပေးခဲ့ပြီး ယူနိုက်တက်ကို ဦးဆောင်ဂိုး ပြန်ရစေခဲ့ပါတယ်။
လက်ရှိ ဂိုးဖန်တီးမှုစံချိန်ရှင်ဖြစ်တဲ့ သီယာရီ အွန်နရီကလည်း Sky Sports မှာ ခွဲခြမ်းစိတ်ဖြာတင်ဆက်ရင်း ဘရူနိုရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပါတယ်။ “ခင်ဗျားတို့က အရှိန်အဟုန်အကြောင်း ပြောကြပေမဲ့ ကျွန်တော့်အတွက်တော့ ထိန်းချုပ်မှုမရှိတဲ့ အရှိန်ဟာ အသုံးမဝင်ပါဘူး။ အကယ်လို့ ခင်ဗျားရဲ့ ဦးနှောက်ကို အရှိန်အဟုန်နဲ့ ထိန်းချုပ်နိုင်မယ်ဆိုရင် ကွင်းထဲမှာ ဘယ်သူ့ထက်မဆို ပိုမြန်နေမှာပါ။ ဒါက ဘရူနိုဆီမှာ အလျှံပယ်ရှိနေတဲ့ အရာပါ။ ကျွန်တော် အရင်ကလည်း ပြောခဲ့ဖူးပါတယ်၊ သူက ဘောလုံးကို ကစားနေတာ မဟုတ်ဘူး၊ ဘောလုံးကို စဉ်းစားနေတာ။ ပြီးခဲ့တဲ့ အပတ်ကပွဲမှာလည်း သူ ဒါကို အကောင်းဆုံး ပြသသွားခဲ့တယ်” လို့ အွန်နရီက ဆိုပါတယ်။
ရူဘင် အမော်ရင် ရဲ့နေရာမှာ မိုက်ကယ် ကားရစ် က နည်းပြအဖြစ် အစားထိုးဝင်ရောက်လာပြီးနောက်မှာ ဘရူနို ရရှိလာတဲ့ တိုက်စစ်ပိုင်း ကဏ္ဍသစ်ကိုလည်း အွန်နရီက ထောက်ပြခဲ့ပါတယ်။ ပထမပိုင်းမှာ ဒီယေဂို ဒါးလော့အတွက် အခွင့်အရေး ဖန်တီးပေးပုံကို ကြည့်ပြီး ဘရူနိုရဲ့ တိုက်စစ်ပိုင်း ပါးနပ်မှုကို သူက ဥပမာပေးခဲ့ပါတယ်။
“ဘောလုံးက အတွင်းထဲကို ရောက်လာတဲ့အချိန်မှာ မင်းစ်နဲ့ ရင်ဆိုင်နေရတဲ့ ဘရူနိုကို ကြည့်လိုက်ပါ။ ပုံမှန်ဆိုရင်တော့ အပြေးပြိုင်ဖို့ ကြိုးစားကြမှာပါ၊ ဒါပေမဲ့ ဘရူနိုက သူ့ရဲ့ အရှိန်နဲ့ မင်းစ်ကို မကျော်နိုင်ဘူးဆိုတာ သိတယ်။ ဒါကြောင့် သူ ဘာလုပ်လဲ? သူ ဦးနှောက်ကို သုံးပြီး ကျော်ဖြတ်တယ်။ မင်းစ်က သူ တစ်ဖက်ကိုသွားမယ်လို့ ထင်နေချိန်မှာ ဘရူနိုက ဘောလုံးလက်ခံဖို့၊ ညာခြေနဲ့ လှည့်ထွက်ဖို့နဲ့ ပေးပို့ဖို့အတွက် နေရာယူထားပြီးသား ဖြစ်နေတယ်” လို့ ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် မိုက်ကယ် ကားရစ်ရဲ့ ကစားကွက်ထဲမှာ ဘရူနို ရရှိထားတဲ့ လွတ်လပ်စွာ ဖန်တီးခွင့်ကိုလည်း အာဆင်နယ် ဂန္ထဝင် အွန်နရီက ဆက်လက် ချီးကျူးခဲ့ပါတယ်။ “ဒုတိယပိုင်းမှာတော့ သူက ‘ငါကိုယ်တိုင်ပဲ ဘောလုံးသွားယူတော့မယ်’ ဆိုပြီး ဆုံးဖြတ်လိုက်ပုံရတယ်။ ကျောင်းက အတော်ဆုံး ကလေးလိုပဲ ‘ငါ့ကို ဘောလုံးပေး၊ ငါ ရှေ့ကို တိုးချင်တယ်’ ဆိုတဲ့ ပုံစံမျိုးပါ။ သူက နေရာအနှံ့ ရွှေ့လျားတယ်၊ ဘောလုံး တောင်းတယ်၊ အတွဲအဖက်တွေ လုပ်တယ်၊ တစ်ခါတလေ အမှတ် ၉ နေရာမှာတောင် ကစားတယ်။ ဒါက သူ့ရဲ့ စိတ်ဓာတ်ပဲ” လို့ ပြောခဲ့ပါတယ်။
ကွန်ညာအတွက် ဒုတိယမြောက် ဂိုးဖန်တီးမှုနဲ့ ပတ်သက်ပြီးတော့လည်း “လူတွေက အဲ့ဒီပေးပို့မှုကို အံ့ဩနေကြပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီမတိုင်ခင် ဖြစ်ပျက်ခဲ့တာကို ပိုပြီး အံ့ဩမိတယ်။ အဲ့ဒီအချိန်မှာ သူက ပွဲထဲမှာ ပါဝင်မနေသလိုမျိုး ထင်ရပေမဲ့ ဘယ်သူက ဘယ်နေရာမှာ ရှိနေလဲဆိုတာကို သူ ကြိုသိနေခဲ့တာပါ” လို့ ဆိုပါတယ်။ ဘရူနိုဟာ သူ အားနည်းတဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြိုင်မှုမျိုးကို မလုပ်ဘဲ ကွင်းတစ်ခုလုံးကို အမြင်ကျယ်ကျယ် မြင်နိုင်တဲ့နေရာကိုရွှေ့ပြီးမှ အချိန်ယူကာ ဂိုးဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းက ၃-၁ နဲ့ နိုင်နေချိန် နောက်ဆုံးမိနစ်တွေအထိ ခံစစ်ဆင်းကူပေးတဲ့ သူ့ရဲ့ အလုပ်ကြိုးစားမှုကိုလည်း အွန်နရီက ချီးကျူးခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အွန်နရီက “ဒါဟာ သူပါပဲ။ သူက မိမိကိုယ်ကိုယ်ရော တခြားသူတွေဆီကပါ အကောင်းဆုံးကိုပဲ လိုလားတယ်။ ဒါဟာ ခေါင်းဆောင်စစ်စစ်ပါ။ ဟုတ်ပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါစေ၊ နည်းနည်း စိတ်ကြီးဝင်သလို ဖြစ်ချင်လည်း ဖြစ်ပါစေ၊ ဘာဖြစ်လဲ? ခက်ခဲတဲ့ အချိန်တွေမှာ သူ မန်ချက်စတာ ယူနိုက်တက်အတွက် လုပ်ပေးနေတာတွေက တကယ့်ကို ထူးခြားပါတယ်။ အခုဆိုရင် စံချိန်တွေတောင် စိုးရိမ်နေရပြီ၊ သူက ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ရထားပြီး ထိပ်တန်း ကစားသမားတွေထဲ ပါဝင်နေပြီ” လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။
Source : https://ca.sports.yahoo.com/




