အူစမန် ဒမ်ဘီလီကတော့ သူ့ရဲ့ အေးဂျင့်ကို မန်ချက်စတာ စီးတီး ဒါရိုက်တာ တစ်ဦးနဲ့အတူ တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပီအက်စ်ဂျီ (PSG) အသင်းမှာ ရှိနေတဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ငြင်းဆိုလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒမ်ဘီလီက စာချုပ်ကိစ္စတွေဟာ သူ့လက်ထဲမှာ မရှိဘူးလို့ပြောဆိုခဲ့သလို ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေတဲ့ သူ့ရဲ့ စာချုပ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်နေပေမဲ့ ကွင်းထဲမှာ အကောင်းဆုံးကစားနိုင်ဖို့ပဲ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
ဘလွန်းဒီအော ဆုရှင်နဲ့ပတ်သက်တဲ့ သတင်းတွေဟာ သူ့ရဲ့ အေးဂျင့် မူဆာ စစ်ဆိုကို ကို မက်ဒရစ်မြို့မှာ မန်စီးတီးရဲ့ အားကစား ဒါရိုက်တာ ဟူဂို ဗီယာနာ နဲ့ တွေ့ဆုံနေတာကို တွေ့ခဲ့ရပြီးနောက် ပိုပြီးပြင်းထန်လာခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက ဘာစီလိုနာ ကစားသမားဟောင်းကို ပက် ဂွါဒီယိုလာ အတွက် အားဖြည့်မှုတစ်ခုအနေနဲ့ အီတီဟတ်ကွင်းဆီ ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ ကောလာဟလတွေကို ချက်ချင်း ထွက်ပေါ်စေခဲ့ပါတယ်။
ဒါပေမဲ့ ဖာဘရီဇီယို ရိုမာနို ကတော့ အဲဒီတွေ့ဆုံမှုဟာ တောင်ပံကစားသမား ဒမ်ဘီလီအတွက် အပြောင်းအရွှေ့ ဆွေးနွေးမှု မဟုတ်ဘူးလို့ ပြောဆိုပြီး ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။ ဒါတောင်မှ သူ့ရဲ့ ကိုယ်စားလှယ်ဟာ ဥရောပရဲ့ ထိပ်သီးအသင်းကြီး တစ်သင်းနဲ့တွေ့ဆုံနေတာကြောင့် ပီအက်စ်ဂျီ တာဝန်ရှိသူတွေကတော့ သူတို့ရဲ့အဖိုးတန် ကစားသမားကို ကာကွယ်ဖို့အတွက် အထူးသတိထားနေကြပါတယ်။
ဒမ်ဘီလီရဲ့ ကိုယ်စားလှယ်တွေနဲ့ ပီအက်စ်ဂျီတို့ကြားမှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေရှိနေတယ်လို့သိရပြီး ပြင်သစ်လက်ရွေးစင် ကစားသမားကလည်း တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ မျှော်လင့်ချက်ရှိတဲ့ စကားမျိုး ပြောခဲ့ပါတယ်။ “စာချုပ်သက်တမ်း မတိုးရမဲ့ အကြောင်းပြချက် မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်က ဆုံးဖြတ်ချက်ချရတဲ့သူ မဟုတ်ဘူး။ ကျွန်တော့်စာချုပ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေက ကလပ်အသင်းနဲ့ အေးဂျင့်ကြားမှာပဲ ရှိတာပါ။ ကစားသမား ဘဝ စတင်ကတည်းက ကျွန်တော် အဲဒီကိစ္စတွေမှာ ပါဝင်လေ့မရှိပါဘူး” လို့ သူက ဆိုပါတယ်။
ဒမ်ဘီလီက သဘောတူညီမှုရဖို့ မျှော်လင့်နေပေမဲ့ ကလပ်အသင်း အကြီးအကဲတွေကတော့ ဘယ်ကစားသမားမှ အသင်းရဲ့ ဘဏ္ဍာရေး စည်းမျဉ်းထက် မကြီးမားဘူးလို့ အရိပ်အယောင် ပြထားပါတယ်။ ဥက္ကဋ္ဌ နာဆာ အယ်လ်ခလိုင်ဖီ ကလည်း ရေရှည်တည်တံ့တဲ့ စီမံကိန်းကို ထိန်းသိမ်းဖို့ အမြဲ ပြောဆိုလေ့ရှိပြီး ဒါဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးအနေနဲ့ ဒီမ်ဘီလီ လိုချင်တဲ့ လစာပမာဏအတွက် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။
“ကျွန်တော်တို့ ကလပ်မှာ မူဝါဒရှိတယ်၊ ကစားသမားတွေအတွက် လစာ သတ်မှတ်ချက်ရှိတယ်၊ အားလုံးလည်း ဒါကိုသိပြီး လေးစားကြပါတယ်။ အသင်းနဲ့ ကလပ်ဟာ တခြားဘယ်သူ့ထက်မဆို ပိုအရေးကြီးပါတယ်” လို့ အယ်လ်ခလိုင်ဖီ က အရင် အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ ဒီလို တင်းကျပ်တဲ့ ရပ်တည်ချက်ကပဲ ဒမ်ဘီလီက ပြင်သစ်လိဂ် ထိပ်သီးအသင်းမှာ ဆက်နေချင်တယ်လို့ လူသိရှင်ကြားပြောထားပေမဲ့ လက်ရှိမှာ အခြေအနေတွေကို ရှုပ်ထွေးစေတာဖြစ်ပါတယ်။
Source : https://www.goal.com/




