အာဆင်နယ်နောက်ခံလူ ပီယာရို ဟင်ကာပီကတော့ လာမဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲရလဒ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲအပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ဂန်းနားတို့ဟာ အမှတ်ပေးဇယားထိပ်မှာ ၉ မှတ်အထိ ဖြတ်ထားနိုင်ပေမဲ့ အီကွေဒေါနောက်ခံလူကတော့ အသင်းသားတွေဟာ ဝမ်ဘလေကွင်းမှာ ဖလားမြှောက်နိုင်ဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။
မီကယ် အာတီတာ ရဲ့ အသင်းဟာ မန်စီးတီးကို ၉ မှတ်ဖြတ်ပြီး ဝမ်ဘလေကို တက်လှမ်းလာတာပါ။ တနင်္ဂနွေနေ့မှာ အနိုင်ရရှိခဲ့ရင် ပြိုင်ဘက်တွေအပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးရသွားနိုင်တယ်လို့ ဝေဖန်သူတွေက သုံးသပ်နေကြပေမဲ့ အာဆင်နယ်အသင်းအတွင်းမှာတော့ အေးအေးဆေးဆေးနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ ရှိနေပါတယ်။
လက်ရှိမှာ မြောက်လန်ဒန်ကလပ်ဟာ ဖလား ၄ လုံးလမ်းကြောင်းပေါ်မှာ ရှိနေတာပါ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ညကလည်း လေဗာကူဆင်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၁ ရလဒ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် အသင်းရဲ့ ခြေစွမ်းက အရှိန်ရနေပါတယ်။
ဒီဗိုလ်လုပွဲရလဒ်က လိဂ်ချန်ပီယံလမ်းကြောင်းကို ပြောင်းလဲသွားစေမလားလို့ မေးမြန်းရာမှာတော့ ဟင်ကာပီက ဝမ်ဘလေမှာ ကစားမဲ့ မိနစ် ၉၀ ကိုပဲ အာရုံစိုက်ထားတယ်လို့ ဖြေကြားခဲ့ပါတယ်။
“ဒါဟာ တကယ့်ကို ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့ အနိုင်ရဖို့ပဲ အာရုံစိုက်ထားပေမဲ့ ချန်ပီယံဆုရဖို့အတွက် အပြင်းအထန် ကြိုးစားရဦးမှာပါ။ ဒီဗိုလ်လုပွဲဟာ တကယ့်ကို အရေးကြီးတဲ့အတွက် အကောင်းဆုံးပုံစံနဲ့ ချန်ပီယံဖြစ်အောင် လေ့ကျင့်ပြင်ဆင်သွားမှာပါ၊ ဒါဟာ အရေးကြီးဆုံးပဲ” လို့ သူက ESPN ကို ပြောခဲ့ပါတယ်။
လေဗာကူဆင်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဟင်ကာပီအတွက်တော့ ကြားရက်ကနိုင်ပွဲဟာ ခံစားချက်တစ်ခုတော့ ရှိနေပါတယ်။ အသင်းဟောင်းကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်ရတာဟာ စိတ်မကောင်းစရာဖြစ်ပေမဲ့ သူဟာ တစ်ရာသီလုံးပြသခဲ့တဲ့ တည်ငြိမ်မှုမျိုးနဲ့ပဲ အသင်းကို ကူညီပေးခဲ့ပါတယ်။
“ကျွန်တော့်အသင်းနဲ့အတူ ကွာတားဖိုင်နယ် တက်နိုင်ခဲ့လို့ တကယ် စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ အသင်းဟောင်းနဲ့ ကစားခဲ့ရတာမို့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်၊ ဒါပေမဲ့ ဒါဟာ ဘောလုံးပဲလေ၊ အခုလို နိုင်ပွဲအတွက်တော့ တကယ် ပျော်ပါတယ်” လို့ ဟင်ကာပီက ဆိုပါတယ်။
Source : https://www.goal.com/




