အာဆင်နယ်အသင်းရဲ့ ဖလားလေးလုံးမျှော်လင့်ချက်ဟာ လာမဲ့သီတင်းပတ်မှာ ကစားမဲ့ပွဲစဉ်အပေါ် မူတည်နေတယ်လို့ နာမည်ကျော်ကစားသမားဟောင်း အလန် ရှီးယားက ပြောလိုက်ပါတယ်။ အာဆင်နယ်ဟာ လာမဲ့သီတင်းပတ်ကုန်မှာ မန်စီးတီးနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ဒီပွဲဟာ သူတို့ရဲ့ ဖလားလေးလုံးအောင်မြင်မှုအတွက် အဓိကကျတဲ့ အချက်ဖြစ်လာလိမ့်မယ်လို့ သူက ဆိုပါတယ်။
အခုအချိန်မှာ အာဆင်နယ်ဟာ ပြိုင်ပွဲလေးခုစလုံးမှာ လမ်းကြောင်းမှန်ပေါ် ရောက်နေပါတယ်။ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်နေသလို၊ ကာရာဘောင်းဖလားမှာလည်း ဗိုလ်လုပွဲတက်ထားပြီး ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာကအသင်းကို ၉ မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။
ဒီဖလားတွေအားလုံးကို သူတို့ ရနိုင်၊ မရနိုင်ဆိုတာထက် လက်ရှိလုပ်ဆောင်နေတဲ့ ပုံစံကတော့ တကယ်ကို အားရစရာကောင်းနေပြီး ပြိုင်ပွဲတိုင်းမှာ အစွမ်းကုန် ကြိုးစားသွားမယ့် ပုံစံမျိုး မြင်တွေ့နေရပါတယ်။
ဒီပွဲက ဖလားရဖို့တင်မကဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက်ပါ ဘယ်လောက်အရေးကြီးလဲဆိုတာကို ရှီးယားက ထောက်ပြခဲ့ပါတယ်။ “အာဆင်နယ်သာ ကာရာဘောင်းဖလားကို ရသွားမယ်ဆိုရင် ဖလားလေးလုံးမျှော်လင့်ချက်က တကယ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒါက ခက်ခဲတဲ့အလုပ်တစ်ခုပါ။ မန်စီးတီးအတွက်လည်း ဒီရာသီမှာ ဖလားရနိုင်တဲ့ နောက်ဆုံးအခွင့်အရေး ဖြစ်နေလို့ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲပါပဲ” လို့ သူက ပြောပါတယ်။
အာဆင်နယ်ဟာ လိုအပ်တဲ့အချိန်တိုင်းမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်တာကြောင့် ဒီအောင်မြင်မှုက တကယ်ဖြစ်လာနိုင်ခြေ ရှိပါတယ်။ သူတို့ဟာ မီခေးလ် အာတီတာ စရောက်တဲ့နှစ်မှာ အက်ဖ်အေဖလား ရပြီးကတည်းက အဓိကဖလားကြီးတွေနဲ့ ဝေးကွာနေခဲ့တာပါ။
တကယ်လို့သာ တနင်္ဂနွေနေ့မှာ ကာရာဘောင်းဖလားကို ရယူနိုင်ခဲ့ရင် ကစားသမားတွေအပေါ်က ဖိအားတွေ လျော့ကျသွားမှာဖြစ်သလို မန်စီးတီးအပေါ်မှာလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးရသွားမှာပါ။ ဒါဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်လည်း ယုံကြည်မှုတွေ ပိုတိုးလာစေမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပွဲက အနိုင်ရရင် တခြားပြိုင်ပွဲတွေအတွက် တွန်းအားဖြစ်စေမှာ မှန်ပေမဲ့ ရှုံးနိမ့်ခဲ့ရင်လည်း ဖိအားတွေ ပိုများသွားနိုင်တာကြောင့် အာဆင်နယ်အတွက် အကွေ့အကောက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
Source : https://paininthearsenal.com/




