နာသန် ပတ်တာဆန်က ယူရို ၂၀၂၄ မှာ မပါဝင်ခဲ့ရတဲ့ စိတ်ပျက်မှုကို အားအင်အဖြစ် ပြောင်းလဲပြီး ဒီနွေရာသီမှာ ကစားမဲ့ ကမ္ဘာ့ဖလားအတွက် စကော့တလန်အသင်းမှာ နေရာရဖို့ မျှော်လင့်နေပါတယ်။
အသက် ၂၄ နှစ်အရွယ် အဲဗာတန် နောက်ခံလူဟာ ဒဏ်ရာကြောင့် ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲအတွက် စတိဗ် ကလပ်ခ်ရဲ့ လူစာရင်းမှာ မပါဝင်ခဲ့ရပါဘူး။ ဒါပေမဲ့ ၁၉၉၈ ခုနှစ်နောက်ပိုင်း စကော့တလန်အသင်း ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်တာကို ကြည့်ခဲ့ရပြီးနောက် ရိန်းဂျားစ် နောက်ခံလူဟောင်းဟာ စနေနေ့ ဟမ်းဒန်ကွင်းမှာ ကစားမဲ့ ဂျပန်နဲ့ပွဲ၊ သုံးရက်အကြာမှာ ကစားမဲ့ အိုင်ဗရီကို့စ်နဲ့ ခြေစမ်းပွဲတွေအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
လက်ရွေးစင်အသင်းအတွက် နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့နွေရာသီ လစ်တင်စတိုင်းကို ၄-၀ နဲ့ နိုင်တဲ့ပွဲမှာ ကစားပေးခဲ့တဲ့ ပတ်တာဆန်က “အသင်းနဲ့ ဝေးနေတာ ကြာပါပြီ။ ဒဏ်ရာအနည်းငယ် ရခဲ့လို့ ပြန်ကောင်းအောင် လုပ်ခဲ့ရပါတယ်။ အခု ပြန်လာရတာ၊ အသင်းဖော်တွေနဲ့ ပြန်ဆုံရတာ တကယ်ကို ဝမ်းသာဖို့ ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။
“ဒဏ်ရာကြောင့် ယူရိုလူစာရင်းမှာ မပါခဲ့ရတာက တကယ်ကို စိတ်ပျက်စရာပါ။ ဒါပေမဲ့ ဒီနွေရာသီမှာ နောက်ထပ် ပြိုင်ပွဲကြီးတစ်ခု ရှိပါသေးတယ်။ အဲ့ဒီမှာ ပါဝင်နိုင်ဖို့ ကျွန်တော် သေချာပြင်ဆင်သွားမှာပါ။ ယူရိုမှာ ပါချင်ခဲ့တာပေါ့။ ဒါပေမဲ့ ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတာမို့ အခု ကျွန်တော့်ရဲ့ အဓိကပန်းတိုင်က ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဖို့ပဲ ဖြစ်ပါတယ်။ အခု အသင်းနဲ့ ပူးပေါင်းခွင့်ရတာ ဝမ်းသာသလို ဒီခြေစမ်းပွဲတွေမှာ မိနစ်အများကြီး ကစားနိုင်အောင်နဲ့ ခြေစွမ်းပြနိုင်အောင် ကြိုးစားသွားမှာပါ” လို့ သူက ဆက်ပြောပါတယ်။
သူက ဆက်လက်ပြီး “ကျွန်တော် တကယ်ကို နေကောင်းနေပါတယ်။ အဲဗာတန်အတွက် ပွဲအနည်းငယ် ကစားထားပြီးပြီဆိုတော့ ကြံ့ခိုင်မှုလည်း ပြည့်ဝနေပါတယ်။ ခန္ဓာကိုယ်ပိုင်းအတွက်လည်း စိတ်ပူစရာမရှိတော့လို့ အခုအခြေအနေကို စိတ်ကျေနပ်မိပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အစွမ်းပြဖို့ပါပဲ။ အကြောင်းရင်းတစ်ခုခုကြောင့် အသင်းထဲရောက်နေတာဖြစ်လို့ ဒါကို ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံး လုပ်ပြနိုင်ဖို့ လိုပါတယ်။ ကျွန်တော် ဘာတွေလုပ်နိုင်လဲ၊ အသင်းအတွက် ဘာတွေ ပေးဆပ်နိုင်မလဲဆိုတာကို ကျွန်တော် ကောင်းကောင်း သိပါတယ်” လို့ ပတ်တာဆန်က ဆိုပါတယ်။
Source : https://news.stv.tv/




