အင်္ဂလန်အသင်းမှာ ဆက်ကစားဖို့ ဟာရီ မက်ဂွါရီ ကို ဆမ် အယ်လာဒိုက်စ် သတိပေး

ဟာရီ မက်ဂွါရီ နှင့် အင်္ဂလန်အသင်း

ဆမ် အယ်လာဒိုက်စ် က ဟာရီ မက်ဂွါရီ ကို လာမဲ့ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက် ကစားပေးဖို့ကိစ္စကို ပြန်စဉ်းစားသင့်တယ်လို့ တိုက်ရိုက် သတိပေးလိုက်ပါတယ်။ အင်္ဂလန် နည်းပြဟောင်းကြီးက သောမတ်စ် တူချယ် ရဲ့ မက်ဂွါရီ အပေါ် ပြောဆိုပုံဟာ ခံစစ်ပိုင်း ရွေးချယ်မှုမှာ လိုအပ်တာထက် ပိုပြီးပွင့်လင်းလွန်းတယ်လို့ ယူဆနေတာပါ။

တူချယ် ဆီကနေ “ကြမ်းတမ်းတဲ့” ဆက်ဆံမှု ခံခဲ့ရတယ်လို့ သူ မြင်နေတဲ့အတွက်ကြောင့် မက်ဂွါရီ အနေနဲ့ လက်ရွေးစင်အသင်းမှာ ပါဝင်မဲ့အရေးကို ပြန်သုံးသပ်ဖို့ အယ်လာဒိုက်စ် က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဒီဝါရင့်ကစားသမားကြီးကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အယ်လာဒိုက်စ် က စိတ်ပျက်ကြောင်း Footy Accumulators ကို အခုလို ပြောပြခဲ့ပါတယ်။

“ဒါက နည်းနည်းတော့ ကြမ်းတမ်းလွန်းတယ်။ ဟာရီ ဟာ မန်ယူမှာတုန်းကလည်း ကလပ်အသင်းက သူ့ကို အထင်သေးဖို့ ကြိုးစားခဲ့ကြလို့ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။ အထူးသဖြင့် အဲ့ဒီအချိန်က နည်းပြပေါ့။ သူဟာ အသင်းခေါင်းဆောင် လက်ပတ်ရော၊ အင်္ဂလန်အသင်းက နေရာပါဆုံးရှုံးခဲ့ရပြီး ပြီးခဲ့တဲ့နှစ်တွေမှာလည်း အပြင်းအထန် ဝေဖန်ခံခဲ့ရတာပါ။ ဒါပေမဲ့ သူကတော့ ဝေဖန်မှုအားလုံးကို အပြုံးမပျက်ရင်ဆိုင်ခဲ့ပြီး သူ မှန်ကန်ကြောင်း သက်သေပြနေတာပါ” လို့ ဆိုပါတယ်။

သူက ဆက်ပြီး “ကျွန်တော်သာ ဟာရီ နေရာမှာဆိုရင် အင်္ဂလန်အသင်း လူစာရင်းထဲပါဖို့ကိုတောင် ပြန်စဉ်းစားမိမှာပါ။ ဟာရီ ကတော့ သူ့အတွက် ထိခိုက်နိုင်ပေမဲ့လည်း တူချယ် ရဲ့ မှတ်ချက်တွေအပေါ် ပြဿနာမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါကို ကြည့်ရင် သူက စိတ်ကောင်း ရှိလွန်းနေသလားလို့တောင် တွေးစရာပါပဲ” လို့ ပြောပါတယ်။

ဒီပြဿနာတွေကတော့ ဥရုဂွေးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ အင်္ဂလန်ပွဲအပြီးမှာ ခံစစ်ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး တူချယ် က ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ရာကနေ စတာပါ။ ဂျာမန်နည်းပြက ဒီမန်ယူနောက်ခံလူဟာ “အစွမ်းကုန် ကြိုးစားတဲ့ ဗဟိုနောက်ခံလူ” တစ်ယောက်ဆိုတာ အသိအမှတ်ပြုပေမဲ့ အသင်းမှာရှိတဲ့ ပိုငယ်ပြီး ပိုမြန်ဆန်တဲ့ နောက်ခံလူတွေနဲ့ ယှဉ်ရင်တော့ သူ့ရဲ့ အဆင့်အတန်းက ဘယ်နေရာမှာ ရှိလဲဆိုတာကို အားမနာတမ်း ပြောခဲ့ပါတယ်။

အင်္ဂလန်နည်းပြဟာ မက်ဂွါရီ ကို ခြေစမ်းပွဲမှာ ပွဲထွက်ခွင့်ပေးပြီး ဒုတိယပိုင်းမှာ အသင်းခေါင်းဆောင် လက်ပတ်ပါ ပေးခဲ့ပေမဲ့ သူကတော့ အရန်အဆင့်မှာပဲ ရှိနေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။ တူချယ် က “ကျွန်တော့် စိတ်ကူး မပြောင်းလဲသေးပါဘူး။ ပွဲထွက်လူစာရင်းအတွက် ကျွန်တော် ပိုကြိုက်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ အက်ဇရီ ကွန်ဆာမာ့ခ် ဂူဟီ တို့က ရှေ့မှာ ရှိနေသလို ထရီဗို ချာလိုဗာ ကလည်း မက်ဂွါရီ ထက် ပိုမြန်ဆန်ပါတယ်။ ဂျွန် စတုန်းစ် လည်း ရှိနေသေးပေမဲ့ သူက ဒဏ်ရာကြောင့် အသင်းကို လာခဲ့ရတာပါ” လို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

တူချယ် ရဲ့ ဒီလို ပွင့်လင်းလွန်းတဲ့ မှတ်ချက်တွေအပေါ် အယ်လာဒိုက်စ် တစ်ယောက်တည်းတင် စိုးရိမ်နေတာ မဟုတ်ပါဘူး။ ရီယို ဖာဒီနန် ကလည်း နိုင်ငံတကာပွဲ ၆၅ ပွဲအထိ ကစားထားတဲ့ ကစားသမားတစ်ယောက်အတွက် ဒါဟာ “စော်ကားခံရတာ” ပဲလို့ ပြောဆိုခဲ့ပါတယ်။

ဟာရီ မက်ဂွါရီ အနေနဲ့ ဒါကို တစ်နည်းအားဖြင့် စော်ကားခံရတယ်လို့ ခံစားရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ ထိုင်နေရင်းနဲ့ ‘နေဦးလေ၊ ငါက ဒီထက် ပိုတော်တဲ့သူပါ’ လို့ တွေးနေမှာပါ။ တူချယ် အမြင်မှာတော့ သူက လျင်မြန်မှု ဆိုတဲ့ စကားလုံးကို သုံးသွားတယ်။ တခြားလူတွေက ပိုမြန်တယ်ပေါ့။ သူ ပြောတာကို ကျွန်တော် နားလည်ပေမဲ့ ဘယ်သူမှတော့ ဒါကို သဘောတူစရာ မလိုပါဘူး” လို့ ဖာဒီနန် က သူ့ရဲ့ YouTube channel မှာ ပြောသွားခဲ့ပါတယ်။

Source : https://www.goal.com/

Leave a Reply

Your email address will not be published. Required fields are marked *