ပရီးမီးယားလိဂ်ကလပ်တွေဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း အေးဂျင့်ခတွေအတွက် ပေါင် ၄၆၀ သန်းအထိ ပေးချေခဲ့ကြပြီး ဒါဟာ အရင် ၁၂ လထက် ၁၃ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။
ဒီစာရင်းဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကစားသမား၊ နည်းပြ ဒါမှမဟုတ် ကလပ်အသင်းတွေနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့နဲ့ စာချုပ်ချုပ်ဆိုမှုတွေမှာ ဘောလုံးအဖွဲ့ချုပ် (FA) လက်အောက်ခံ အေးဂျင့်တွေကိုပေးခဲ့တဲ့ ငွေကြေးတွေပဲ ဖြစ်ပါတယ်။
ပေါင် ၆၅.၁ သန်း ပေးချေခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ၃ နှစ်ဆက်တိုက် အသုံးအများဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကလည်း လန်ဒန်အနောက်ပိုင်းကလပ်ဖြစ်တဲ့ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အများဆုံးဖြစ်တဲ့ အခွန်မဆောင်ခင် အရှုံးပေါ်မှု ပေါင် ၂၆၂ သန်း ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီပမာဏဟာ ၂၀၁၁ ခုနှစ်က မန်ချက်စတာစီးတီးရဲ့ အရှုံးပေါ်မှု ပေါင် ၁၉၇.၅ သန်းကို ကျော်ဖြတ်သွားခဲ့တာပါ။
ဒီနှစ်ရဲ့ ကိန်းဂဏန်းတွေဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ကစားသမားရောင်းချမှု အများဆုံးစံချိန် တင်ခဲ့တာကြောင့်လို့ ချယ်လ်ဆီးက ဆိုပါတယ်။ ယူအီးအက်ဖ်အေ (Uefa) ရဲ့ အရေးယူပိတ်ဆို့မှုတွေကို လိုက်နာနိုင်ဖို့အတွက် သူတို့ဟာ ကစားသမားတွေကို ပေါင် သန်း ၃၀၀ နီးပါးဖိုးအထိ ထုတ်ရောင်းခဲ့ရတာပါ။ ၂၀၂၃-၂၄ ရာသီမှာ အေးဂျင့်ခ ပေါင် ၇၅ သန်း စံချိန်တင် ပေးချေခဲ့ရပြီးနောက် ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်းမှာ အေးဂျင့်ခအတွက် စုစုပေါင်း ပေါင် သန်း ၂၀၀ အထိ သုံးစွဲခဲ့ပါတယ်။
အက်စတွန်ဗီလာဟာ ပေါင် ၃၈.၄ သန်းနဲ့ ဒုတိယနေရာမှာ ရှိနေပြီး ပေါင် ၁၃.၄ သန်းအထိ တိုးလာခဲ့တာပါ။ ဒါဟာ တခြားကလပ်တွေထက် အသုံးစရိတ် အတက်ဆုံးလည်း ဖြစ်ပါတယ်။ ဗီလာဟာ ကစားသမားသစ်တွေခေါ်ဖို့ ပေါင် ၆၉ သန်းလောက်ပဲ သုံးခဲ့ပေမဲ့ အူနိုင်းအမ်မရီရဲ့အသင်းဟာ ကစားသမားတွေရဲ့ စာချုပ်သက်တမ်းတိုးတာနဲ့ မှတ်ပုံတင်တာတွေမှာ ကုန်ကျစရိတ်တွေ များခဲ့ပါတယ်။
မန်ချက်စတာစီးတီးကတော့ ပေါင် ၃၇.၄ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ သူတို့ရဲ့ အေးဂျင့်ခသုံးစွဲမှုဟာ အရင်နှစ်က ပေါင် ၅၂.၁ သန်း ရှိခဲ့ရာကနေ ပေါင် ၁၄.၈ သန်းအထိ သိသိသာသာ လျော့ကျသွားခဲ့တာပါ။ အာဆင်နယ်၊ လီဗာပူးနဲ့ ဝုလ်ဗ်အသင်းတွေမှာလည်း အေးဂျင့်ခပေးချေမှုတွေ သိသိသာသာ တိုးလာခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ပေးချေမှုဟာ ပေါင် ၃၂.၁ သန်း (၉.၄ သန်းတိုး)၊ လီဗာပူးက ပေါင် ၃၃.၉ သန်း (၁၃ သန်းတိုး) နဲ့ ဝုလ်ဗ်က ပေါင် ၂၆ သန်း (၁၂.၅ သန်းတိုး) အသီးသီး ရှိခဲ့ကြပါတယ်။
ပလေးအော့ဖ်ကနေတစ်ဆင့် ပရီးမီးယားလိဂ်ကို မမျှော်လင့်ဘဲ တက်လှမ်းနိုင်ခဲ့တဲ့ ဆန်းဒါးလန်းအသင်းဟာလည်း အေးဂျင့်ခပေးချေမှုဟာ ပေါင် ၂.၂ သန်းကနေ ၁၀.၆ သန်းအထိ ခုန်တက်သွားပါတယ်။ မန်ချက်စတာစီးတီးနဲ့အတူ တခြားကလပ် ၇ သင်းကတော့ အေးဂျင့်ခ ပေးချေမှုကို လျှော့ချနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်၊ ဖူလ်ဟမ်၊ မန်ချက်စတာယူနိုက်တက်၊ နော့တမ်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်းတို့ဟာ အနည်းငယ်ပဲ လျော့နည်းသွားခဲ့တာပါ။ နယူးကာဆယ်ကတော့ ပေါင် ၂၀.၃ သန်း (၄.၁ သန်းလျော့) ထိ လျှော့ချနိုင်ခဲ့ပြီး လိဒ်ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်တက်လာပေမဲ့ အေးဂျင့်ခကို ပေါင် ၁၄ သန်း (၄.၉ သန်းလျော့) အထိ လျှော့ချခဲ့ပါတယ်။
အမျိုးသမီးစူပါလိဂ် (WSL) မှာတော့ အသုံးစရိတ်ဟာ ၇၅ ရာခိုင်နှုန်း (ပေါင် ၁.၆ သန်း) တိုးလာပြီး စုစုပေါင်း ၃.၈ သန်း ရှိခဲ့ပါတယ်။ ချယ်လ်ဆီးကပဲ ပေါင် ၁.၁ သန်းနဲ့ အများဆုံး သုံးစွဲထားပါတယ်။ ချန်ပီယံရှစ်လိဂ်မှာ အေးဂျင့်ခပေးချေမှု ၁၀ ရာခိုင်နှုန်းတိုးပြီး ပေါင် ၆၉.၇ သန်း ရှိခဲ့ရာမှာ အစ်ဝစ်ချ်တောင်းက ပေါင် ၁၁.၇ သန်းနဲ့ အများဆုံး ဖြစ်ပါတယ်။ လိဂ်ဝမ်းမှာတော့ အသုံးစရိတ်ဟာ ၈၅ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပြီး လူတန်တောင်း၊ ကာဒစ်ဖ်စီးတီးနဲ့ ဟက်ဒါဖီးလ်တို့က စုစုပေါင်းရဲ့ ထက်ဝက်နီးပါးကို သုံးစွဲခဲ့ပါတယ်။ လိဂ်တူးမှာတော့ ၅ ရာခိုင်နှုန်းလောက် အနည်းငယ် လျော့ကျသွားခဲ့ပါတယ်။

Source : https://www.bbc.com/




