နိုင်ငံတကာပွဲစဉ်တွေအတွင်း အာဆင်နယ်ကစားသမား ၁၁ ယောက်အထိ နုတ်ထွက်ခဲ့တာနဲ့ ပတ်သက်ပြီး အသင်းနဲ့ နိုင်ငံတကာအသင်းအများစုကြားမှာ “အရမ်းကောင်းတဲ့ ဆက်ဆံရေး” ရှိပါတယ်လို့ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ပြောပါတယ်။
ပြီးခဲ့တဲ့လက ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ ခြေစမ်းပွဲတွေအတွက် ပရီးမီးယားလိဂ်အသင်း ၂၀ ကနေ ကစားသမားပေါင်း ၂၂၈ ယောက်အထိ ခေါ်ယူခြင်းခံခဲ့ရပါတယ်။ အဲ့ဒီထဲကမှ ၂၃ ယောက်က နုတ်ထွက်ခဲ့ပြီး ထက်ဝက်နီးပါးက အာဆင်နယ်ကစားသမားတွေ ဖြစ်နေပါတယ်။
ဒါဟာ အာဆင်နယ်အသင်းမှာ ဒဏ်ရာပြဿနာတွေ တကယ်ပဲ ကြုံတွေ့နေရတာလား ဒါမှမဟုတ် ကစားသမားတွေကို တမင်သက်သက် အနားပေးချင်တာလားဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ အာတီတာကတော့ ကစားသမားတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေကို သက်ဆိုင်ရာ နိုင်ငံအသင်းတွေဆီ အသေအချာ အသိပေးထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဟာ နိုင်ငံတကာအသင်းအများစုနဲ့ ဆက်သွယ်မှုရော၊ ဆက်ဆံရေးပါ အရမ်းကောင်းပါတယ်။ အင်္ဂလန်နည်းပြ သောမတ်စ် တူချယ်နဲ့လည်း အဆင်ပြေပါတယ်” လို့ အာတီတာက ပြောပါတယ်။ “ကျွန်တော်တို့ အမြဲတမ်း အစွမ်းကုန် ပံ့ပိုးပေးပါတယ်။ ကစားသမားတွေရဲ့ အခြေအနေကို ပြောပြရတဲ့အခါ ကျွန်တော်တို့ အမြဲတမ်း ရိုးသားစွာ ပြောဆိုသလို ဒါဟာ ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခဲ့တာပါ” လို့ သူက ရှင်းပြပါတယ်။
ဒီလအစောပိုင်းက ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ခံစစ်မှူး ဝီလီယံ ဆာလီဘာက ခြေချင်းဝတ်ဒဏ်ရာကြောင့် ပြင်သစ်အသင်းနဲ့ သွားမပူးပေါင်းနိုင်တော့ကြောင်း အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့တွဲဖက် ခံစစ်မှူး ဂါဘရီရယ်ကလည်း ဒူးဒဏ်ရာကြောင့် ဘရာဇီးအသင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အီဇီ (ခြေသလုံး)၊ အိုဒီဂတ် (ဒူး) နဲ့ တင်ဘာ (ပေါင်ခြံ) တို့ဟာ ဝမ်ဘလေက ဗိုလ်လုပွဲကို လွဲချော်ခဲ့သလို ဘယ်လ်ဂျီယံတိုက်စစ်မှူး ထရော့စ်ဆတ် (တင်ပါးဆုံ) လည်း နုတ်ထွက်ခဲ့ပါတယ်။ ကစားသမားတွေ နိုင်ငံအသင်းတွေဆီ သွားရောက်ပူးပေါင်းပြီးနောက်မှာလည်း အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ ဒတ်ကလန် ရိုက်စ်၊ ဆာကာ နဲ့ နိုနီ မာဒွေကီ အပြင် စပိန်က ဇူဘီမန်ဒီနဲ့ အီကွေဒေါက ဟင်ကာပီတို့ပါ ထပ်မံနုတ်ထွက်ခဲ့ကြပါတယ်။
အာတီတာကတော့ သူ့ရဲ့ကစားသမားတွေဟာ နိုင်ငံအတွက် ကစားပေးချင်စိတ် ပြင်းပြနေကြတယ်လို့ ဆိုပါတယ်။ “ကစားသမားတွေဟာ ကြံ့ခိုင်မှုပြည့်ဝပြီး နိုင်ငံအသင်းအတွက် ကစားပေးနိုင်တဲ့ အခြေအနေရှိရင် ကစားရမှာပါပဲ။ ကျွန်တော်တို့ဆီက ကစားသမားတွေ အများကြီး နိုင်ငံအသင်းမှာ ရွေးချယ်ခံရတာကို ဂုဏ်ယူပါတယ်။ ကစားသမားတွေက နိုင်ငံအတွက် ကစားပေးဖို့ အရမ်းဆန္ဒရှိကြသလို ဒါဟာ သူတို့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော် သိပါတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ စနေနေ့မှာတော့ FA Cup ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အီဇီကတော့ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ဦးမှာဖြစ်ပေမဲ့ အိုဒီဂတ်နဲ့ တင်ဘာတို့ကတော့ ပြန်ပါလာနိုင်ချေ ရှိပါတယ်။ မာဒွေကီရဲ့ ဒဏ်ရာကတော့ ထင်ထားသလောက် မပြင်းထန်ပေမဲ့ ပါဝင်ဖို့ မသေချာသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။
Source : https://www.bbc.com/




