နော့တင်ဟမ် ဖောရက်စ် အသင်းဟာ ခြေစွမ်းပျက်နေတဲ့ ချယ်လ်ဆီး ကို ၃-၁ ဂိုးနဲ့ အံ့အားသင့်ဖွယ် အနိုင်ယူပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန်ကနေ ၆ မှတ်အကွာကို ရောက်ရှိသွားပါတယ်။
နည်းပြ ဗီတာ ပါရဲရား က လူစာရင်းကို အတော်လေး အပြောင်းအလဲလုပ်ခဲ့ပေမဲ့ နော့တင်ဟမ် ဖောရက်စ် ဟာ လိဂ်ပွဲစဉ် ၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းမှာ ပြတ်သားတဲ့ ကစားဟန်နဲ့ ၃ ပွဲဆက် နိုင်ပွဲရယူပြီး တန်းဆင်းရမဲ့ စိုးရိမ်မှုကို လျှော့ချနိုင်ခဲ့တာပါ။
ပွဲစပြီး ၉၇ စက္ကန့်မှာတင် ဒီလန် ဘာကွာ ရဲ့ ဖြတ်တင်ဘောကနေ အာဝိုနီယီ က ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ၁၅ မိနစ်မှာတော့ မာလို ဂတ်စတို က အာဝိုနီယီ ရဲ့ အင်္ကျီကို ဆွဲခဲ့လို့ ပယ်နယ်တီ ရရှိခဲ့ပြီး အီဂေါ ဂျေးဆပ် က ကန်သွင်းယူခဲ့ပါတယ်။
ချယ်လ်ဆီး ဟာ ပထမပိုင်း မပြီးခင်မှာ ချေပဂိုး ပြန်ရဖို့ အခွင့်အရေးရခဲ့ပေမဲ့ ကိုးလ် ပါးလ်မား က ပယ်နယ်တီ လွဲချော်ခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာတော့ နော့တင်ဟမ် ဖောရက်စ် ဟာ မော်ဂန် ဂစ်ဘ်စ်-ဝှိုက် ရဲ့ ဖန်တီးပေးမှုကနေ အာဝိုနီယီ က အနီးကပ် ပိတ်သွင်းပြီး ၃-၀ ဖြစ်စေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ မော်ဂန် ဂစ်ဘ်စ်-ဝှိုက် ဟာ ခေါင်းဒဏ်ရာကြောင့် လူစားလဲခံခဲ့ရလို့ ကြာသပတေးနေ့မှာ ကစားမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာတော့ပါဘူး။ ဂျာအို ပက်ဒရို ရဲ့ ခေါင်းတိုက်ဂိုးကလည်း လူကျွံဘော ဖြစ်ခဲ့လို့ ဂိုးအဖြစ် အတည်မပြုခဲ့ရပါဘူး။
ဘရာဇီးလ်သား ဂျာအို ပက်ဒရို ဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတော့ နောက်ပြန်ကန်ချက် (Bicycle kick) နဲ့ ဂိုးသွင်းပြီး ချယ်လ်ဆီး ရဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ချယ်လ်ဆီး ဟာ ပရီးမီးယားလိဂ် မှာ ၆ ပွဲဆက်တိုက် ရှုံးနိမ့်မှုကိုတော့ မရှောင်လွှဲနိုင်ခဲ့ပါဘူး။
ဒေတာအချက်အလက်တွေအရ အာဝိုနီယီ ဟာ ပရီးမီးယားလိဂ် အဝေးကွင်းဂိုး ၁၂ ဂိုးထဲက ၉ ဂိုးကို လန်ဒန်ကလပ်တွေနဲ့ ပွဲမှာ သွင်းယူခဲ့တာပါ။ သူဟာ လန်ဒန်မြေမှာ ဂိုးအများဆုံး သွင်းနိုင်တဲ့ နော့တင်ဟမ် ဖောရက်စ် ကစားသမား ဖြစ်လာပါတယ်။
သူဟာ ကန်ချက် ၂ ကြိမ်စလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သလို အသင်းရဲ့ မျှော်မှန်းဂိုး (xG) ၂.၀၇ ထဲက ၁.၁ ကို တာဝန်ယူပေးခဲ့ပါတယ်။ ချယ်လ်ဆီး နည်းပြ ကယ်လမ် မက်ဖာလရိန်း ရဲ့ အသင်းကတော့ ကန်ချက် ၂၁ ကြိမ်အထိ ရှိခဲ့ပေမဲ့ အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့တာပါ။
ဂျာအို ပက်ဒရို ရဲ့ လှပတဲ့ ဂိုးဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၀ ဂိုးမြောက်ဖြစ်ပြီး ချယ်လ်ဆီး ရဲ့ မိနစ် ၆၃၀ ကျော်ကြာ လိဂ်ဂိုးမရတဲ့ မှတ်တမ်းကို အဆုံးသတ်ပေးခဲ့ပါတယ်။ သူဟာ ဒီပွဲမှာ တစ်ဦးချင်းယှဉ်ပြိုင်မှု ၈ ကြိမ်အထိ အနိုင်ရခဲ့သလို ဘောလုံးဆွဲယူမှု ၄ ကြိမ်အထိ အောင်မြင်အောင် လုပ်ပြနိုင်ခဲ့ပေမဲ့ အသင်းရှုံးနိမ့်မှုကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။
Source : https://www.fotmob.com/




