ရွိုင်ကိန်း ရဲ့ စွပ်စွဲချက်တွေကို ဘရူနို ဖာနန်ဒက်စ် ပြင်းပြင်းထန်ထန် တုံ့ပြန်

ဘရူနို ဖာနန်ဒက်စ် - ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် ရဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်ကို ချိုးဖျက်ဖို့ ကြိုးစားနေတာနဲ့ပတ်သက်ပြီး ရွိုင်ကိန်း က လိမ်ညာပြောဆိုခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး သူ့ရဲ့ စာရိတ္တနဲ့ အောင်မြင်မှုတွေကို ပြတ်ပြတ်သားသား ကာကွယ်သွားခဲ့ပါတယ်။

ရွိုင်ကိန်း ဟာ မကြာသေးခင်က ပေါ့ဒ်ကတ်စ် တစ်ခုမှာ သူ မပြောခဲ့တဲ့ “စကားတွေကို လုပ်ကြံဖန်တီးခဲ့တာ” ဖြစ်ပြီး ယူနိုက်တက် ဂန္ထဝင်ကြီးဆီ ဆက်သွယ်ပြီး အမှန်အတိုင်း ရှင်းပြဖို့ မျှော်လင့်တယ်လို့ ဘရူနို ဖာနန်ဒက်စ် က ပြောပါတယ်။

ရာသီကုန်ခါနီး နောက်ဆုံးပွဲမတိုင်ခင် ရင်ဆိုင်ခဲ့တဲ့ နော့တမ်ဟမ် ဖောရက်စ် ကို ၃-၂ နဲ့ နိုင်တဲ့ပွဲအပြီးမှာ ရွိုင်ကိန်း က ဘရူနို ဖာနန်ဒက်စ် ကို “လူပြက်ပွဲ” ရဲ့ ဗဟိုချက်မှာ ရှိနေသူအဖြစ် ဖော်ပြခဲ့တာပါ။ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ တစ်ရာသီအတွင်း စံချိန်သစ်တင်ချင်တဲ့ သူ့ရဲ့တစ်ကိုယ်ကောင်းစိတ်ကြောင့် အသင်းရဲ့အကျိုးစီးပွားထက် တစ်ဦးချင်း ဂိုးဖန်တီးမှု စံချိန်ရဖို့ကိုပဲ ဦးစားပေးနေတယ်လို့ ရွိုင်ကိန်း က ပြောဆိုခဲ့ပါတယ်။

The Overlap ပေါ့ဒ်ကတ်စ်မှာ ရွိုင်ကိန်း က “ဖောရက်စ် ပွဲအပြီး အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အသင်းခေါင်းဆောင်က ‘အချို့အချိန်တွေမှာ ကျွန်တော် ကိုယ်တိုင်ကန်သင့်ပေမဲ့ အဲ့ဒီအစား ပတ်စ်တွေ ပေးခဲ့တယ်’ လို့ ပြောသွားတယ်။ အံ့ဩဖို့ကောင်းလိုက်တာ။ ဘောလုံးသမားတစ်ယောက်ရဲ့ စိတ်ဓာတ်က ပွဲထဲမဝင်ခင်မှာ တစ်ဦးချင်းစံချိန်အတွက်ပဲ ဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ။ ဒီလိုအသင်းအပေါ်ထားတဲ့ စိတ်ဓာတ်မျိုးနဲ့တော့ သူ ဆုဖလားတွေ ရမှာမဟုတ်ဘူး” လို့ ပြောခဲ့တာပါ။

တကယ်တော့ ပွဲအပြီးမှာ ဘရူနို ဖာနန်ဒက်စ် ပြောခဲ့တဲ့ စကားအမှန်က “ဒီနေ့ပွဲမှာ ကိုယ်တိုင်ကန်မယ့်အစား ပတ်စ်ပေးလိုက်သင့်တဲ့ အခိုက်အတန့်တချို့ ရှိခဲ့ပါတယ်။ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့လို့ အရမ်းဝမ်းသာပေမဲ့ ဒါထက်ပိုပြီး အသင်းနိုင်ပွဲရလို့၊ ရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်လို့ ပိုပျော်ပါတယ်” ဆိုတာပဲ ဖြစ်ပါတယ်။

အိုင်ယာလန်နဲ့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ဟာ အမှန်တရားကို တမင်သက်သက် လိမ်လည်ချင်တာထက် ဘရူနို ဖာနန်ဒက်စ် ရဲ့ စကားကို အဓိပ္ပာယ် ကောက်လွဲသွားခဲ့တာလို့ ယူဆရပါတယ်။ ဘရူနို ဖာနန်ဒက်စ် ရဲ့ တုံ့ပြန်မှု ထွက်ပေါ်လာပြီးနောက် တနင်္လာနေ့ညနေပိုင်းမှာ ရွိုင်ကိန်း က အော်ဟစ်နေတဲ့ မြည်းတစ်ကောင်ရဲ့ ပုံကို “အာရုံစိုက်မှုတွေ အရမ်းများလာရင် မြည်းကလည်း သူ့ကိုယ်သူ ခြင်္သေ့လို့ ထင်တတ်တယ်” ဆိုတဲ့ စာသားနဲ့အတူ Instagram မှာ တင်ခဲ့ပါတယ်။ ဒါဟာ ဘရူနို ဖာနန်ဒက်စ် ကို တုံ့ပြန်လိုက်တာလို့ ထင်ကြေးပေးမှုတွေ ရှိခဲ့ပေမဲ့ ရွိုင်ကိန်း ဘက်ကတော့ အတိအကျ ညွှန်းဆိုပြောခဲ့တာမျိုး မရှိပါဘူး။

ဘရူနို ဖာနန်ဒက်စ် ဟာ ဖောရက်စ် နဲ့ပွဲမှာ တစ်ရာသီအတွင်း ၂၀ ကြိမ်မြောက် ဂိုးဖန်တီးမှု စံချိန်ကို လိုက်မှီခဲ့ပြီး ဘရိုက်တန် နဲ့ ရင်ဆိုင်ခဲ့တဲ့ ရာသီပိတ်ပွဲမှာတော့ စံချိန်ကိုတစ်ဦးတည်း အပိုင်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ တီယာရီ အွန်နီ နဲ့ ဒီဘရိုင်းနား တို့ တင်ထားတဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

The Diary of a CEO ပေါ့ဒ်ကတ်စ်မှာတော့ ဘရူနို ဖာနန်ဒက်စ် က ရွိုင်ကိန်း ရဲ့ မှတ်ချက်တွေအပေါ် သူ့ရဲ့ ဒေါသကို အထင်အရှား ပြသခဲ့ပါတယ်။

“ကျွန်တော် အမြဲပြောသလိုပါပဲ၊ ဝေဖန်တာကို စိတ်မရှိပါဘူး။ ဘယ်သူ့ဆီကမဆို ဝေဖန်မှုတွေကို လက်ခံပြီး ဘယ်တော့မှ ပြန်မတုံ့ပြန်ပါဘူး။ လူတွေမှာ ကိုယ်ပိုင်အမြင် ရှိကြတာပဲ၊ ကောင်းတယ်၊ ဆိုးတယ်၊ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ ကျွန်တော်မကြိုက်တာက လူတွေ အမှန်မဟုတ်တာကို လိမ်ပြောတဲ့အခါမျိုးပါ။ ဒီကိစ္စမှာ ရွိုင်ကိန်း ပြောခဲ့တာက လုံးဝအလိမ်အညာပါပဲ။ သူ တခြားအင်တာဗျူးတစ်ခုခုနဲ့ မှားသွားတာလား၊ ဒါမှမဟုတ် ကျွန်တော် မပြောခဲ့တဲ့အရာကို ပြောခဲ့တယ်လို့ စွပ်စွဲတာလား မသိဘူး။ ကံကောင်းတာက ကျွန်တော့်ရဲ့ အင်တာဗျူး မှတ်တမ်းအားလုံး ရှိနေတာပါပဲ။ သူ့ရဲ့ဝေဖန်မှုကို လက်ခံတယ်၊ ကစားသမားတစ်ယောက်အနေနဲ့၊ လူတစ်ယောက်အနေနဲ့ ကြိုက်တာ မကြိုက်တာကိုလည်း လက်ခံတယ်။ ဒါပေမဲ့ မကြိုက်တာက ကျွန်တော် မပြောခဲ့တဲ့ စကားတွေကို လုပ်ကြံဖန်တီးတာပဲ။ အဲ့ဒါတစ်ခုပဲ မကြိုက်တာ” လို့ သူက ဆိုပါတယ်။

လက်ရှိ ယူနိုက်တက် စကွာဒ်ထဲမှာ ကလပ်ရဲ့ ဂန္ထဝင်ကစားသမားဟောင်းတွေကို ပြန်လည်မကျေနပ်ကြောင်း ပြောဆိုခဲ့တာ ဘရူနို ဖာနန်ဒက်စ် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒီရာသီအစောပိုင်းတုန်းကလည်း လီဆန်ဒရို မာတီနက်ဇ် ဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ သူ့ရဲ့ အရပ်အမောင်းနဲ့ ဟာလန်း ကို ဘယ်လိုယှဉ်ကစားမလဲဆိုတဲ့အပေါ် ဝေဖန်ခဲ့တဲ့ ပေါလ်စခိုးလ်၊ နစ်ကီဘတ် တို့နဲ့ အငြင်းပွားမှု ဖြစ်ပွားခဲ့ပါသေးတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *