အကယ်၍ အင်္ဂလန်အသင်း အနေနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးချင်တယ်ဆိုရင် တိုက်စစ်မှူး ဟာရီ ကိန်း အနေနဲ့ ကွင်းလယ်အထိဆင်းပြီး ကစားကွက်ဖန်တီးပေးချင်တဲ့ စိတ်ကို ထိန်းချုပ်ရမှာဖြစ်ပြီး ပြိုင်ဘက် ဂိုးဧရိယာအနီး တိုက်စစ်ဇုန်ထဲမှာပဲ အမြဲရှိနေသင့်တယ်လို့ ရွိုင်ကိန်း က ပြောကြားလိုက်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီ ကိန်း ရဲ့ သွင်းဂိုးကြောင့် နယူးဇီလန်အသင်း ကို ခက်ခက်ခဲခဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေကြားထဲမှာ နည်းစနစ်ပိုင်းဆိုင်ရာ စည်းကမ်းလိုက်နာမှုကသာ အဓိက အဆုံးအဖြတ်ဖြစ်လာလိမ့်မယ်လို့ ဘောလုံးဝေဖန်သူ ရွိုင်ကိန်း က ယုံကြည်နေပါတယ်။
ရွိုင်ကိန်း ရဲ့ အမြင်အရတော့ ဟာရီ ကိန်း ရဲ့ အဓိက တာဝန်က ကစားကွက်ဖန်တီးသူမဟုတ်ဘဲ ဂိုးသွင်းယူရမဲ့ အဆုံးသတ်သမားသာ ဖြစ်သင့်ပါတယ်။ နည်းပြ သောမတ်စ် တူချယ် ရဲ့ အင်္ဂလန်အသင်း အတွက် ဟာရီ ကိန်း က ၁-၀ နဲ့ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီးနောက်မှာ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူး အနေနဲ့ အသင်းထဲက အခြား ဖန်တီးရှင် ကစားသမားတွေရဲ့ အရည်အသွေးကို ယုံကြည်စိတ်ချဖို့ လိုအပ်ပြီး သူကိုယ်တိုင်ကတော့ တိုက်စစ်ရဲ့ အဓိက ပစ်မှတ်အဖြစ်ပဲ အာရုံစိုက်နေသင့်တယ်လို့ ရွိုင်ကိန်း က အလေးအနက် ပြောကြားခဲ့ပါတယ်။
ရွိုင်ကိန်း က ITV ရုပ်သံလိုင်းမှာ “သူ့မှာ အခုဆို အတွေ့အကြုံတွေရှိနေပါပြီ။ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်းတွေ ကစားခဲ့ရင်း ပိုပြီးတော့လည်း သင်ယူနိုင်ခဲ့လောက်ပါတယ်။ မိမိရဲ့တည်နေရာ ယူမှုအပိုင်းမှာ ပိုပြီးစမတ်ကျဖို့ လိုပါတယ်။ ဂိုးသွင်းယူခဲ့တဲ့ အချိန်မှာတောင် နယူးဇီလန်အသင်းဘက်က ကစားသမား အများကြီး ခံစစ်ဆင်းနေတာပါ။ ဒါပေမဲ့ သူက အဲဒီထဲကို အသာလေး တိုးဝင်သွားခဲ့တယ်။ ဒါက အတွေ့အကြုံကြောင့်ပါပဲ။ ဒါပေမဲ့ သူတို့က ကိန်း ကို နေရာအကျယ်ကြီး ပေးလိုက်တာကတော့ တကယ့်ကို အံ့ဩစရာပါပဲ” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဟာရီ ကိန်း ရဲ့ ကမ္ဘာ့အဆင့် အဆုံးသတ် စွမ်းရည်ဟာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံး လက်နက်တစ်ခုဖြစ်ပြီး အခြားကစားသမားတွေ လုပ်ဆောင်နိုင်တဲ့ အလုပ်တွေမှာသွားပြီး အချိန်မဖြုန်းသင့်ဘူးလို့ ဝေဖန်သူက အပြတ်အသတ် ပြောဆိုခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် အနေနဲ့ ကွင်းလယ်အထိဆင်းပြီး ဘောလုံးလိုက်ရှာနေမယ့်အစား စိတ်ရှည်ရှည်ထားပြီး သူ့ဆီ အခွင့်အရေး ရောက်လာမယ့်အချိန်ကိုပဲ စောင့်ဆိုင်းသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
“ဒါပေမဲ့ ဒီအတွေ့အကြုံတွေနဲ့အတူ သူ ပိုပြီး အမြော်အမြင်ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ အခု ပြောနေတာက ရာသီဥတု အခြေအနေအကြောင်းပါ။ သူ ကွင်းလယ်စည်းကျော်အထိ ပြန်ဆင်းပြီး ဘောလုံးတွေ လိုက်ပေးနေဖို့ မလိုပါဘူး။ အသင်းမှာ အဲလိုလုပ်နိုင်တဲ့ ကစားသမားတွေနဲ့ အရည်အသွေးတွေ အလုံအလောက် ရှိပါတယ်။ မင်းက အဲဒီ ဂိုးဧရိယာထဲမှာပဲ ရှိနေရမယ်။ မင်းက လောလောဆယ် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပဲ။ အကယ်၍ အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုကြီးကို ရယူချင်တယ်ဆိုရင် ဟာရီ ကိန်း က အဓိက အားကိုးရမဲ့သူ ဖြစ်လာမှာပါ” လို့ ရွိုင်ကိန်း က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Source : https://www.goal.com/




