ကမ္ဘာ့ဖလားမတိုင်ခင် နေမာ ဒဏ်ရာကနေ ကောင်းကောင်းသက်သာလာနေပြီလို့ ဘရာဇီး အတည်ပြု

နေမာ ကမ္ဘာ့ဖလား ဒဏ်ရာ

ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်ခင်မှာပဲ တိုက်စစ်မှူး နေမာ ဟာ ခြေသလုံးကြွက်သားဒဏ်ရာကနေ “ကောင်းကောင်းသက်သာလာနေပြီ” ဖြစ်ကြောင်း ပြီးခဲ့တဲ့တနင်္လာနေ့မှာ အမျိုးသားအသင်းက အတည်ပြုပေးခဲ့လို့ ဘရာဇီး အသင်းအတွက် စိတ်ဓာတ်ခွန်အား တိုးလာခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် သူဟာ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ပါ့မလားဆိုပြီး စိုးရိမ်စရာ ဖြစ်ခဲ့တာပါ။

ဘရာဇီးဘောလုံးအဖွဲ့ချုပ် ရဲ့ ပြောကြားချက်အရ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ MRI စကင်ဖတ်စစ်ဆေးမှုမှာ အားတက်စရာ တိုးတက်မှုတွေကို တွေ့ရပြီး အသင်းရဲ့သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းထားတဲ့ နေမာ ဟာ ဒဏ်ရာပြန်လည်သက်သာရေးအတွက် ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“သူဟာ ဘရာဇီး အသင်းရဲ့ ဆေးအဖွဲ့က စီစဉ်ပေးထားတဲ့အတိုင်း ဒဏ်ရာပြန်လည်သက်သာရေး အစီအစဉ်နဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို ဆက်ပြီး လုပ်ဆောင်သွားမှာပါ” လို့ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေမာ ဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းကတည်းက ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လာမဲ့စနေနေ့ နယူးဂျာစီရှိ မက်လိုင်ဖ်ကွင်း (MetLife Stadium) မှာ ယှဉ်ပြိုင်မဲ့ မော်ရိုကို နဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ဘရာဇီး အသင်းအတွက် အချိန်မီ ကြံ့ခိုင်မှုပြည့်ဝနေစေဖို့ အပြေးအလွှား ကြိုးစားနေရတာပါ။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာ ဟာ မန်ဟက်တန်အနောက်ဘက် နယူးယောက် ရက်ဘူးလ်စ် (New York Red Bulls) ရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်တဲ့ တနင်္လာနေ့ အသင်းလိုက်လေ့ကျင့်ခန်းမှာ ပါဝင်နိုင်ခြင်း မရှိသေးပါဘူး။ အဲဒီအစား ဒဏ်ရာပြန်လည်ကုသရေး အစီအစဉ်အဖြစ် အဆောက်အအုံအတွင်းမှာပဲ ရှိနေပြီး အားကစားရုံ (Gym) ထဲမှာပဲ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း ဘရာဇီး နည်းပြ ကာလို အန်ဆလော့တီ ကတော့ နေမာ ပါဝင်ကစားနိုင်မဲ့အရေးအပေါ် အကောင်းမြင်နေဆဲပါ။ အီတလီလူမျိုးနည်းပြကြီးက ပြီးခဲ့တဲ့အပတ်က ပြောကြားရာမှာတော့ ဒီတိုက်စစ်မှူးဟာ ပြိုင်ပွဲရဲ့ ပထမပွဲ ဒါမှမဟုတ် ဒုတိယပွဲစဉ်မှာ အဆင်သင့်ဖြစ်လိမ့်မယ်လို့ ဆိုထားပြီး သူ့ကို ကွင်းထဲ အမြန်ပြန်ထည့်ဖို့ “အလောတကြီး မလုပ်ဘူး” လို့ အလေးအနက် ပြောထားပါတယ်။

လက်ရှိမှာ ဆန်းတို့စ် အသင်းအတွက် ကစားပေးနေတဲ့ နေမာ ဟာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ရင်ဆိုင်နေရပြီး ၂၀၂၃ ခုနှစ်ကတည်းက ဘရာဇီး အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။ ကြံ့ခိုင်မှုပြဿနာတွေကြောင့်ပဲ ဒီနှစ်ထဲမှာ ဆန်းတို့စ် အသင်းရဲ့ ပြည်တွင်းနဲ့ တိုက်ကြီးအဆင့် ပြိုင်ပွဲတွေရဲ့ ပွဲစဉ်ထက်ဝက်ခန့်မှာသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ဘရာဇီး ရဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ်စလုံးမှာ ပါဝင်ခဲ့တဲ့ ဝါရင့်ကစားသမားကြီး နေမာ ကို အခုလို အသင်းလူစာရင်းထဲ ထည့်သွင်းခဲ့တာက သူ့ရဲ့ မကြာသေးခင်က ဒဏ်ရာရာဇဝင်ကြောင့် ဝေဖန်စိစစ်မှုအချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရှာဖွေဖို့ ကြိုးပမ်းနေတဲ့ နည်းပြ အန်ဆလော့တီ ရဲ့ စီမံကိန်းတွေမှာတော့ သူ့ရဲ့ အတွေ့အကြုံနဲ့ နိုင်ငံအသင်းရဲ့ ဂိုးအများဆုံး သွင်းယူထားသူဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် နေမာ ဟာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲ ဖြစ်ပါတယ်။

Source : https://sportstar.thehindu.com/

Leave a Reply

Your email address will not be published. Required fields are marked *