၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို စိတ်ပျက်စရာကောင်းအောင် စတင်ခဲ့တဲ့ ပေါ်တူဂီ အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး သီယာရီ အွန်နရီ ကတော့ ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ ကစားဟန်ကို ပြတ်ပြတ်သားသားပဲ ဝေဖန်ဆန်းစစ်သွားခဲ့ပါတယ်။
အာဆင်နယ် တိုက်စစ်မှူးဟောင်းကြီးက ဒီအာရ် ကွန်ဂို အသင်းနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် အရေးကြီးတဲ့ သွင်းဂိုးတစ်ဂိုး ရရှိမဲ့အခွင့်အရေးကို ဝါရင့်တိုက်စစ်မှူးကြီးရဲ့ ကိုယ်ရေးကိုယ်တာ အောင်မြင်မှုအပေါ် မက်မောစိတ်ကြောင့် ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ အချက်ကို အထူးပြု ထောက်ပြသွားခဲ့တာပါ။
ဟူစတန်မှာ ကစားခဲ့တဲ့ ပေါ်တူဂီ ရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ဟာ စိတ်ပျက်စရာ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပေမဲ့ ပွဲပြီးနောက်ပိုင်းမှာတော့ အွန်နရီ က ရော်နယ်ဒို အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ဆန်းစစ်ခဲ့တဲ့ အကြောင်းအရာကပဲ လူပြောအများဆုံး ဖြစ်နေခဲ့ပါတယ်။
ရော်နယ်ဒို ဟာ အသက် ၄၁ နှစ်နဲ့ ၁၃၂ ရက် သက်တမ်းမှာ ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲကို အသက်အကြီးဆုံး အကွင်းတွင်းကစားသမားအဖြစ် ပွဲထွက်ပြီး သမိုင်းစိုက်ထူနိုင်ခဲ့ပေမဲ့ အသင်းရဲ့ စုပေါင်းအောင်မြင်မှုထက် မိမိရဲ့ ဂိုးသွင်းစံချိန်ကိုသာ ဦးစားပေးခဲ့တယ်လို့ စွပ်စွဲခံလိုက်ရတာပါ။
ပွဲအပြီးမှာ အွန်နရီ က Fox News ကနေတစ်ဆင့် အဆိုပါ အယ်လ်နာဆာ ကြယ်ပွင့်ရဲ့ မှားယွင်းခဲ့တဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ထောက်ပြခဲ့ပါတယ်။
အွန်နရီ က “အိမ်မှာကြည့်နေတဲ့ ပရိသတ်တွေအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ကို ပြောပြချင်ပါတယ်၊ အဓိကက အသင်းဂိုးသွင်းဖို့ လိုတာပါ၊ မင်းကိုယ်တိုင် ဂိုးသွင်းဖို့ လိုတာမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းအတွင်း ဂျာအို ကန်ဆီလို နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ ပါဝင်ခဲ့တဲ့ တိုက်စစ်ဆင်မှု အခိုက်အတန့်မှာ ရော်နယ်ဒို ရဲ့ ကွင်းတွင်း လှုပ်ရှားမှုတွေဟာ ကြံ့ကြံ့ခံကစားနေတဲ့ ဒီအာရ် ကွန်ဂို ရဲ့ ခံစစ်ကို ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ ပေါ်တူဂီ အသင်းရဲ့ အခွင့်အရေးကို အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ အဆိုပါ ပြင်သစ်သားကြီးက ဆွေးနွေးခဲ့ပါတယ်။
အွန်နရီ က ကွင်းတွင်းတည်းဖြတ်မှုတွေကို အသုံးချပြီး သူ့ရဲ့ နည်းဗျူဟာပိုင်း ဆန်းစစ်မှုကို ရှင်းပြရာမှာ “ဒီနေရာမှာ ပေါ်တူဂီအသင်း ဘောလုံးရနေတာကို တွေ့ရမှာပါ၊ ကန်ဆီလို က ဘောလုံးလက်ခံရရှိတော့မယ်၊ ခရစ်စတီယာနို ရော်နယ်ဒို က ဒီလိုအခြေအနေမျိုးကို အကြိမ်ကြိမ် ကြုံဖူးပါတယ်၊ တကယ်လို့ မင်းက ဒီဘက်ကို ပြေးထွက်ပေးလိုက်ရင် ခံစစ်ကစားသမားကို ၆ ကိုက်စည်းထဲအထိ ဆင်းပိတ်ရမလားဆိုတာ ဝေခွဲမရအောင် ဆုံးဖြတ်ချက် ချခိုင်းစေနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
သူက ဆက်လက်ပြီး ရော်နယ်ဒို ရဲ့ ကိုယ်တိုင်ဂိုးသွင်းချင်တဲ့ စိတ်အာရုံကြောင့် နည်းဗျူဟာပိုင်းအရ အမှားအယွင်း ဖြစ်စေခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။
“ဒါပေမဲ့ သူက ဂိုးသွင်းချင်နေတဲ့အတွက် ဘရူနို ဖာနန်ဒက်စ် ရဲ့ လမ်းကြောင်းထဲကို ဝင်သွားခဲ့တယ်၊ တကယ်လို့ သူသာ အဲဒီ ၆ ကိုက်စည်းထဲကို ပြေးဝင်ပေးခဲ့ရင် မင်းလည်း အဲဒီအခြေအနေမျိုး ကြုံဖူးမှာပါ၊ ခံစစ်ကစားသမားက သူ့နောက်ကိုပဲ လိုက်သွားရမှာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ် အတွက် အေးအေးဆေးဆေး ပုတ်သွင်းရုံ အနေအထား ဖြစ်သွားပါလိမ့်မယ်၊ ဒါပေမဲ့ သူက ဂိုးသွင်းချင်စိတ် ပြင်းပြနေတော့ နောက်ပြန်ပေးမဲ့ လမ်းကြောင်းထဲကို တိုးဝင်သွားတယ်၊ ကစားသမားနှစ်ယောက်လုံးကို တစ်နေရာတည်းမှာ မြင်နေရတော့ ခံစစ်အတွက် ဖြတ်တောက်ရတာ ပိုလွယ်ကူသွားတာပေါ့” လို့ ဆိုပါတယ်။
NRG ကွင်းကြီးထဲက ဖြုန်းတီးခဲ့တဲ့ ညချမ်းနဲ့ ပတ်သက်ပြီး စာရင်းဇယားတွေကလည်း အွန်နရီ ရဲ့ ဆန်းစစ်မှုကို ထောက်ခံနေပါတယ်။ ရော်နယ်ဒို ဟာ သူ့ရဲ့ ရှည်လျားလှတဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်မှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှမရှိဘဲ ပွဲပြီးဆုံးခဲ့တာ ၆ ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ကမ္ဘာ့ဖလား ၆ ကြိမ်မြောက် ပြိုင်ပွဲမှာ စံချိန်တင်ဂိုးကို ရှာဖွေဖို့ ကြိုးစားနေတဲ့ သူ့ရဲ့ စိတ်ပျက်မှုတွေဟာ ကွင်းထဲမှာ အကြိမ်ကြိမ် ပေါက်ကွဲခဲ့ပြီး နိုင်ငံတကာ ပွဲစဉ်တွေမှာ မကြာသေးမီက ကြုံတွေ့နေရတဲ့ ရုန်းကန်မှု အစဉ်အဆက်အတိုင်း ဖြစ်နေခဲ့ရပါတယ်။
Source : goal.com




