အိုးထရက်ဖို့ဒ် မှာ ၂ ဂိုးအသာကနေ အရှက်တကွဲ ရှုံးနိမ့်ပြီး ကာရာဘောင်းဖလားကနေ ထွက်ခွာခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ယူ ကာရာဘောင်းဖလား ရှုံးပွဲ

မိုက်ကယ် ကာရစ် ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ၂ ဂိုးအသာရထားပြီးမှ ဘရိုက်တန် ကို ၃-၂ နဲ့ အရှက်တကွဲ ပြန်လည်ရှုံးနိမ့်ကာ အနိမ့်ဆုံးအခြေအနေကို ထပ်မံရောက်ရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ကာရာဘောင်းဖလား ပြိုင်ပွဲကနေလည်း ၂ နှစ်ဆက်တိုက် ပထမဆုံးအဆင့်မှာတင် လှည့်ပြန်ခဲ့ရပါပြီ။

ယူနိုက်တက် အနေနဲ့ အိုးထရက်ဖို့ဒ် မှာ ၂ ဂိုးပြတ် ဦးဆောင်ထားပြီးမှ ဒီလိုမျိုးရှုံးခဲ့ရတာဟာ နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။ အရင်တုန်းက ဒီလို ၂ ဂိုးပြတ် အသာရခဲ့တဲ့ ၁၄၅ ပွဲမှာ ၁၄၃ ပွဲအထိ အနိုင်ရလဒ် ဖော်ဆောင်နိုင်ခဲ့တာပါ။

မန်ချက်စတာဒါဘီပွဲ ရှုံးနိမ့်မှုကို ပြန်လည်တုံ့ပြန်ဖို့ ပြင်ဆင်လာတဲ့ ကာရစ် ရဲ့ အသင်းအတွက် ပွဲစစချင်းမှာ အရာရာဟာ အစီအစဉ်အတိုင်း ဖြစ်နေခဲ့ပါတယ်။ ပါရမီရှင် လူငယ်ကစားသမားလေး ရှီယာ လေစီ နဲ့ မေဆန် မောင့်တ် တို့ရဲ့ သွင်းဂိုးတွေကြောင့် ပွဲစပြီး ၁၀ မိနစ်အတွင်းမှာတင် ပွဲကို စိတ်ကြိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက် ဟာ အိပ်ပျော်နေသလိုမျိုး ခြေချော်လက်ချော်တွေ စတင်ဖြစ်ပေါ်လာခဲ့ပြီး ၇၆ မိနစ်ရောက်မှသာ နောက်ထပ် ဂိုးပေါက်တည့်ကန်ချက်တစ်ခု ရရှိခဲ့ပါတယ်။ ဒီအခြေအနေကို ကစားသမား ၆ ယောက်အထိ အပြောင်းအလဲလုပ်ထားတဲ့ ဘရိုက်တန် ဘက်က အခွင့်ကောင်းယူသွားခဲ့ပါတယ်။

ဂိုးသမား ကားလ် ဒါလိုး ရဲ့ အမှားအယွင်းများတဲ့ကာကွယ်မှုကြောင့် ပထမပိုင်းပြီးခါနီးမှာ ချာရာလမ်ပိုစ် ကော့စ်တူလက်စ် က ချေပဂိုးတစ်ဂိုး စတင်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်း ၄ မိနစ်အတွင်းမှာတင် ပါစကယ် ဂရော့စ် နဲ့ လူစားဝင်ကစားသမား မက်ဆင် ဒီ ကူပါ တို့က သွင်းဂိုးတွေဆက်တိုက်ယူပြီး အိုးထရက်ဖို့ဒ် တစ်ကွင်းလုံးကို တိတ်ဆိတ်သွားစေခဲ့ပါတယ်။

ဒါကြောင့် အရေးပေါ် အနေအထားနဲ့ ဖာနန်ဒက်စ် ကို လူစားလဲထည့်သွင်းခဲ့ရသလို ပွဲကိုသရေကျစေမဲ့ တစ်ဦးချင်း အပိုင်အခွင့်အရေးကို မာကပ်စ် ရက်ရှ်ဖို့ဒ် လွဲချော်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ အိုးထရက်ဖို့ဒ် တစ်ကွင်းလုံး လှောင်ပြောင်သံတွေ ညံသွားခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေကလည်း အသင်းကို ဒေါသတကြီး အော်ဟစ်ဆဲဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ရူဘင် အာမိုရင် ကြုံတွေ့ခဲ့ရတဲ့ ဒုတိယအဆင့်မှာတင် ဂရင်းစ်ဘီ ကို ရှုံးနိမ့်ခဲ့တဲ့ အရှက်ရမှုလောက် မဆိုးရွားသေးဘူးဆိုပေမဲ့ လက်တွေ့ကျကျ မျှော်လင့်လို့ရတဲ့ ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့ ကာရစ် အတွက်တော့ မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာခဲ့ပါပြီ။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *