မန်ချက်စတာယူနိုက်တက် ဟာ ဘာရလဒ်မှ မထွက်တဲ့ နောက်ထပ်ရာသီတစ်ခုဆီကို ဦးတည်နေပြီး အိုးထရက်ဖို့ဒ် က အကျပ်အတည်းတွေကြောင့် နည်းပြ မိုက်ကယ် ကာရစ်ခ် ရာထူးကနေ ထုတ်ပယ်ခံရဖို့ အချိန်ကိစ္စတစ်ခုပဲ ဖြစ်လာပုံရပါတယ်။
ပြီးခဲ့တဲ့ရာသီက လိဒ်စ်ယူနိုက်တက် ကွင်းမှာ ၁-၁ သရေကျအပြီး ၂၄ နာရီအတွင်း နည်းပြ ရူဘင် အာမိုရင် ထုတ်ပယ်ခံခဲ့ရသလိုမျိုး ကာရစ်ခ် မကြုံရသေးပေမဲ့ ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်းသာအနိုင်ရထားပြီး စက်တင်ဘာ ၁၀ ရက်က ချန်ပီယံလိဂ် မှာ ဆာဘာ့ဂ် ကို အနိုင်ရပြီးကတည်းက ဘယ်ပြိုင်ပွဲမှာမှ ထပ်မနိုင်သေးတာကြောင့် အသက် ၄၅ နှစ်အရွယ်နည်းပြအတွက် အန္တရာယ်ဇုန်ထဲ ရောက်နေပါပြီ။
အသင်းရဲ့ အကျဆင်းပိုင်းသံသရာက အရင်ကလည်း အကြိမ်ကြိမ်ကြုံဖူးပြီး ကာရစ်ခ် ဟာ ရှေ့ကနည်းပြတွေဖြစ်တဲ့ အာမိုရင် နဲ့ အဲရစ် တန်ဟက်ဂ် တို့ရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေရပါပြီ။ တိုးတက်မှုမရှိတဲ့ ရာသီအစပိုင်းကနေ အဆင့်လတ်ပိုင်းမှာ တဝဲလည်လည်ဖြစ်လာချိန် အသင်းဘုတ်အဖွဲ့က နည်းပြကိုထောက်ခံတယ်လို့ ထုတ်ပြောရင်း အခြေအနေကောင်းလာဖို့ မျှော်လင့်တတ်ကြပါတယ်။
ဒါပေမဲ့ ဘာမှဖြစ်မလာဘဲ ကစားသမားတွေရဲ့ ခြေစွမ်းက အဆင့် ၅ လောက်မှာပဲရပ်တန့်နေပြီး နောက်ဆုံးမှာ နည်းပြထုတ်ပယ်ခံရတဲ့ ဇာတ်လမ်းဟောင်းဆီပဲ ပြန်ရောက်သွားတတ်ပါတယ်။ ကာရစ်ခ် အနေနဲ့ ဘုတ်အဖွဲ့ရဲ့ထောက်ခံမှု ရှိနေသေးပေမဲ့ ဒီလိုရလဒ်ဆိုးတွေ ဆက်နေရင်တော့ ဒါကကြာရှည်ခံမှာ မဟုတ်ပါဘူး။ အခုဆို အောက်တိုဘာလလယ် ရောက်နေပြီဖြစ်ပြီး ယူနိုက်တက် ဟာ ပရိုမိုးရှင်းတက်လာတဲ့ အစ်ဆွစ်ချ် နဲ့ အဇာဘိုင်ဂျန် ချန်ပီယံကိုပဲ အနိုင်ရထားသလို ကာရာဘောင်းဖလား ကနေလည်း ပထမအဆင့်မှာတင် ထွက်ခဲ့ရပါပြီ။
၇ ပွဲကစားအပြီး ၇ မှတ်သာရရှိကာ အမှတ်ပေးဇယားထိပ်က မန်ချက်စတာစီးတီး နဲ့ ၁၄ မှတ်အထိ ကွာဟနေတာဟာ ၁၉၈၆ နောက်ပိုင်း အသင်းရဲ့အဆိုးရွားဆုံး ရာသီအစဖြစ်နေပါတယ်။ အသင်းလက်မဲ့ဖြစ်နေတဲ့ အက်ဒီဟောင်း၊ အန်တိုနီယို ကွန်တီ နဲ့ ကီရန် မက်ကင်နာ တို့လို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ နည်းပြတွေရှိနေတာကြောင့် နည်းပြအပြောင်းအလဲလုပ်ဖို့ ရွေးချယ်စရာတွေ ရှိနေပါတယ်။
အသင်းသမိုင်းအရ နည်းပြတွေကို ချက်ချင်းထုတ်ပယ်လေ့မရှိပေမဲ့ အမြန်ဆုံးအပြောင်းအလဲမလုပ်နိုင်ရင် ဒီရာသီက လက်လွတ်ဆုံးရှုံးသွားတော့မှာပါ။ အီလန်ရုဒ် ကွင်းမှာ ကာရစ်ခ် ဟာ ဗဟိုခံစစ် ၃ ယောက်ပုံစံပြောင်းပြီး ဘရူနို ဖာနန်ဒက်စ် နဲ့ ယူရီ တီလေမန်းစ် တို့နောက်မှာ အန်ဒရီ ဆန်းတို့စ်၊ ကားလို့စ် ဘာလေဘာ တို့ကို တွဲဖက်ထားခဲ့ပါတယ်။
ဒါက အသင်းကို ပိုစုစည်းစေပေမဲ့ မူလကတည်းက အားနည်းနေတဲ့တိုက်စစ်ကို ပိုပြီးထုံထိုင်းသွားစေခဲ့ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာ အမ်ဗွေမို ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်း ၆ မိနစ်မှာပဲ ဒိုမီနစ် ကာလ်ဗတ်-လူဝင် က ချေပဂိုး သွင်းယူသွားခဲ့ပါတယ်။ ပွဲက ၁-၁ နဲ့ ပြီးဆုံးဖို့ ဦးတည်နေချိန်မှာ ကစားသမားတွေအတွက် နည်းပြဆီက စိတ်ဓာတ်ခွန်အားလိုအပ်နေပေမဲ့ ကာရစ်ခ် ကတော့ စည်းဘေးမှာ ဘာခံစားချက်မှမပါဘဲ ရုပ်တုတစ်ခုလို ရပ်နေခဲ့ပါတယ်။
“အရာအားလုံး ကောင်းမွန်နေတယ်လို့ ကျွန်တော်တို့လက်မခံပါဘူး၊ ဒါပေမဲ့ ရုန်းကန်နေရချိန်မှာ ကျော်ဖြတ်နိုင်မဲ့နည်းလမ်းကို ရှာရမှာပါ။ အခြေအနေက မကောင်းဘူးဆိုတာနားလည်ပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးပြန်လာနိုင်မယ်ဆိုတာ သံသယမရှိပါဘူး” လို့ ကာရစ်ခ် က ပြောကြားခဲ့ပါတယ်။
အချက်ပေးခေါင်းလောင်းသံတွေ ကျယ်လောင်နေပေမဲ့ ကာရစ်ခ် ကတော့ တည်ငြိမ်စွာနဲ့ပဲ ရှေ့ဆက်ဖို့ ကြိုးစားနေပါတယ်။ လာမဲ့ပွဲတွေအဖြစ် ချန်ပီယံလိဂ် မှာ ကိုမို နဲ့ ရင်ဆိုင်ရမှာဖြစ်သလို ပရီးမီးယားလိဂ်မှာ ဘုန်းမောက် နဲ့ ကစားရမှာဖြစ်လို့ လွယ်ကူတဲ့ပွဲတွေ မဟုတ်ပါဘူး။
၁၉၈၆ တုန်းက အခုလို အခြေအနေဆိုးနဲ့စတင်ခဲ့ပြီး နိုဝင်ဘာလအစမှာ နည်းပြကိုထုတ်ပယ်ကာ အဲလက်စ် ဖာဂူဆန် ရောက်လာခဲ့ပါတယ်။ အခု အနှစ် ၄၀ အကြာမှာတော့ ယူနိုက်တက် ဟာ အသင်းကို ကယ်တင်ပေးမဲ့ နောက်ထပ်ကယ်တင်ရှင်တစ်ယောက်ကို စောင့်မျှော်နေရသလို ဖြစ်နေပါပြီ။
Source : https://www.espn.com.sg/




