နည်းပြ မိုက်ကယ် ကာရစ် ရဲ့ အနာဂတ် မရေမရာဖြစ်လာချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်တွေကို စတင်ချိန်ဆနေပြီလို့ ESPN သတင်းဌာနက ဖော်ပြလာပါတယ်။
တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ် ကွင်းမှာ ဘုန်းမောက် ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကာရစ် အပေါ် ဖိအားတွေ အကြီးအကျယ် ကျရောက်လာခဲ့တာပါ။
ဒါဟာ ဗုဒ္ဓဟူးနေ့တုန်းက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကိုမို အသင်းကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၅ ရက်အတွင်း ဒုတိယမြောက် ဆိုးရွားတဲ့ ရလဒ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက် ဟာ ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး အမှတ်ပေးဇယားမှာလည်း တန်းဆင်းဇုန်အထက် ၁ မှတ်အကွာ ပရီးမီးယားလိဂ် အဆင့် ၁၆ အထိ ရောက်ရှိနေပါတယ်။
ကလပ်အသင်းဘက်က ကာရစ် ရဲ့ ရာထူးနေရာကို ပြန်လည်သုံးသပ်နေသလို သူ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်တွေကိုပါ ရှာဖွေနေပြီလို့ သတင်းရင်းမြစ်တွေက ESPN ကို အတည်ပြုပြောကြားထားပါတယ်။
လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေကြတဲ့ နယူးကာဆယ် ယူနိုက်တက် နည်းပြဟောင်း အက်ဒီ ဟောင်း နဲ့ ဂျာမနီ နည်းပြဟောင်း ဂျူလီယန် နာဂယ်လ်စမန်း တို့ဟာ ရေပန်းအစားဆုံး နည်းပြတွေထဲမှာ ပါဝင်နေပါတယ်။
အစ်ဝစ်ချ် တောင်း နည်းပြဟောင်း ကီရန် မက်ကန်နာ ကတော့ ၂၀၂၄ နွေရာသီတုန်းက အဲရစ် တန်ဟက်ဂ် ကို ဆက်ထိန်းထားဖို့ မဆုံးဖြတ်ခင်မှာ ယူနိုက်တက် အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုမှာ အထင်ကြီးစရာ ကောင်းခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက နာပိုလီ ကနေ ထွက်ခွာခဲ့တဲ့ အန်တိုနီယို ကွန်တီ ကလည်း အသင်းဘက်က ဆက်သွယ်လာရင် စကားပြောဖို့ အသင့်ရှိနေပါတယ်။
အသက် ၄၅ နှစ်အရွယ် ကာရစ် ကို ယာယီနည်းပြအဖြစ် လက်စွမ်းပြအပြီး မေလတုန်းက ၂ နှစ်စာချုပ် ချုပ်ဆိုပေးဖို့ မဆုံးဖြတ်ခင်မှာ ယူနိုက်တက် အနေနဲ့ နည်းပြအများအပြားကို သေချာစိစစ်လေ့လာခဲ့ဖူးပါတယ်။
တကယ်လို့ ကာရစ် ကို ရာထူးကနေ ထုတ်ပယ်လိုက်ရမယ်ဆိုရင်လည်း အသင်းဘက်က အဆင်သင့် ပြင်ဆင်ထားပြီးသားဆိုတဲ့ ခံစားချက်မျိုး အတွင်းပိုင်းမှာ ရှိနေတယ်လို့ သိရပါတယ်။
ဘုန်းမောက် နဲ့ ပွဲအပြီးမှာတော့ ကာရစ် က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှ မသိရသေးဘူးလို့ ဆိုပါတယ်။
“အခြေအနေကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ ရိုးရိုးသားသား ပြောရရင် ဘာကိုမှ သီးသန့် မျှော်လင့်မထားပါဘူး။ ပုံမှန်အတိုင်းပဲ ဆက်လုပ်သွားမှာပါ” လို့ သူက ပြောသွားခဲ့ပါတယ်။
Source : https://www.espn.com.sg/




