ချဲလ်ဆီး အသင်းကနေ အငှားနဲ့ထွက်ခွာဖို့ နည်းပြ ဇာဘီ အလွန်ဆို ကိုယ်တိုင် သူ့ကို တိုက်တွန်းစည်းရုံးခဲ့တာ ဖြစ်တယ်လို့ မီခိုင်လို မူဒရစ်ခ် က ဖွင့်ဟပြောကြားလိုက်ပါတယ်။
မယ်လ်ဒိုနီယမ် ဆေးစစ်မှုကျရှုံးခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် နွေရာသီမှာ ပြန်လည်ပါဝင်လာတဲ့ ဒီ ယူကရိန်း ကစားသမားဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ တော့တင်ဟမ် အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ရှက်တာဒိုးနက် မှာ သူ့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီ နဲ့ ပြန်လည်ဆုံဆည်းခဲ့တာ ဖြစ်ပါတယ်။
ဒီတောင်ပံကစားသမားကို အငှားနဲ့ ခေါ်ယူနိုင်မယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ပရီးမီးယားလိဂ် အသင်းတော်တော်များများက စိတ်ဝင်စားခဲ့ကြပြီး ဘရိုက်တန်၊ ဘရန့်ဖို့ဒ် နဲ့ လိဒ်စ် အသင်းတွေက သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ ယူကရိန်း ပေါ့ဒ်ကတ်စ်တစ်ခုဖြစ်တဲ့ ‘Guest of Gordon’ မှာ သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ မြို့တော်ရဲ့ မြောက်ဘက်ခြမ်းဆီပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့ပြီး အဲဒီမှာ လေ့ကျင့်ရေးအစီအစဉ်အတွင်း ခြေကျင်းဝတ်ဒဏ်ရာ မရခင်အထိ တစ်ပွဲသာကစားခွင့် ရရှိထားပါသေးတယ်။
စပါး အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး မူဒရစ်ခ် က ချဲလ်ဆီး နည်းပြ အလွန်ဆို ဟာ “မင်း အပြင်ထွက်ကစားပြီး ပွဲကစားချိန်တွေ များများရအောင်ယူပြီးမှ ပြန်လာခဲ့တာ ပိုကောင်းမယ်။ ငါ မင်းကို အားကိုးထားတယ်” လို့ သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောခဲ့ကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဒီကစားသမားဟာ စက်တင်ဘာလတုန်းက စီးတီးဂရောင်း ကွင်းမှာ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ စပါး အတွက် ပွဲဦးထွက် ကစားပေးခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ဒီဇာဘီ က “အဓိပ္ပာယ်မရှိတဲ့ ဒဏ်ရာ” လို့ ခေါ်ဝေါ်ခဲ့တဲ့ ပြဿနာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။
နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ အနိုင်ရထားတဲ့ မြောက်လန်ဒန် အသင်းဟာ ဒီတစ်ပတ်ကုန်မှာ တော့တင်ဟမ် ဟော့စပါး ကွင်းမှာ တန်းတက် အစ်ဝစ်ချ် တောင်း အသင်းကို ဧည့်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ သူပြန်လည်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။
စပါး အသင်းရဲ့ လတ်တလော ရလဒ်ကောင်းနေမှုတွေဟာ နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင် အယ်လန်ရုဒ် ကွင်းမှာ လိဒ်စ် အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ရုတ်တရက် ရပ်တန့်သွားခဲ့ရပြီး ပွဲချိန် ၇၉ မိနစ်မှာသွင်းယူခဲ့တဲ့ နိုအာ အိုကာဖော ရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ ယော့ခ်ရှိုင်းယား မြေမှာ ဒီဇာဘီ ရဲ့ ၃ ပွဲဆက် နိုင်ပွဲစံချိန် ကျိုးပျက်ခဲ့ရတာ ဖြစ်ပါတယ်။
Source : https://www.standard.co.uk/




