ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဟာရီ ကိန်း လပေါင်းများစွာ အနားယူရတော့မည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် အတည်ပြု

ဟာရီ ကိန်း ဒဏ်ရာ

သောကြာနေ့က ကိုလုံး အသင်းနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာရရှိခဲ့တဲ့ ခြေကျင်းဝတ်အရွတ်စုတ်ပြဲဒဏ်ရာကြောင့် ဟာရီ ကိန်း အနေနဲ့ “လာမဲ့ လပေါင်းများစွာ အနားယူရတော့မယ်” လို့ ဘိုင်ယန်မြူးနစ် အသင်းက အတည်ပြုလိုက်ပါတယ်။

ကိုလုံး နောက်ခံလူ ဂျိုဝယ်လ် ရှမိဒ် ရဲ့ ဖျက်ထုတ်မှုကြောင့် ထော့နဲ့ထော့နဲ့ ဖြစ်သွားခဲ့တဲ့ ကိန်း ဟာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် မိနစ် ၂၀ မှာပဲ လူစားလဲခံခဲ့ရပါတယ်။ ဘော်လွန်းဒီအော ဆုရှင် ကိန်း ရဲ့ ဒဏ်ရာဟာ ရက်သတ္တပတ်ပိုင်းထက်စာရင် “လပေါင်းများစွာ” အချိန်ယူ ကုသရလိမ့်မယ်လို့ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဘိုင်ယန် နည်းပြ ဗင်းဆင့် ကွန်ပနီ က ပြောကြားခဲ့ပါတယ်။

“ဟာရီ ကိန်း ဟာ သောကြာနေ့ ညနေပိုင်းက ကိုလုံး နဲ့ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဘယ်ဘက်ခြေကျင်းဝတ် အရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါကို ဘိုင်ယန်မြူးနစ် ဆေးအဖွဲ့ရဲ့ စစ်ဆေးမှုအရအတည်ပြုနိုင်ခဲ့ပြီး အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ လာမဲ့ လပေါင်းများစွာ အနားယူရတော့မှာပါ” လို့ အသင်းရဲ့ X စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ လာမဲ့ မတ်လ ၂၇ ရက်နေ့ နော်ဝေ မှာကစားမဲ့ နေရှင်းလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အမီ ပြန်ကောင်းလာဖို့ အပြေးအလွှား ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ကိန်း ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ အကြံပြုသင့်၊ မသင့် အသင်းဆရာဝန်တွေ ဆွေးနွေးနေကြတယ်လို့ ဘိုင်ယန် အားကစားဒါရိုက်တာ မက်စ် အီဘယ်လ် က ပြောပါတယ်။

ကိန်း ရဲ့ ပြန်လည်ထူထောင်ရေး ကာလတစ်စိတ်တစ်ပိုင်းက ဒီဇင်ဘာ ၂၀ ကနေ ဇန်နဝါရီ ၈ ရက်အထိ ရှိမဲ့ ဘွန်ဒက်စ်လီဂါ ဆောင်းရာသီ အနားယူချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ လာမဲ့အပတ် လိုင်လီ နဲ့ အဝေးကွင်း၊ ရှေ့လ ဆလားဗီးယား ပရပ်ဂ် နဲ့ အိမ်ကွင်း ချန်ပီယံလိဂ် ပွဲစဉ်တွေအပြင် ဇန်နဝါရီလမှာကစားမဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ အဝေးကွင်းပွဲ၊ ရီးရဲလ် ဘက်တစ် နဲ့ အိမ်ကွင်းပွဲတွေကိုတော့ လွဲချော်မှာ ဖြစ်ပါတယ်။

ကိန်း ရဲ့ ဒဏ်ရာဟာ ဒဏ်ရာရကစားသမားများပြားနေတဲ့ ဘိုင်ယန် အတွက် ပိုဆိုးစေခဲ့ပြီး အိုလီဆေး ကလည်း ခြေဖဝါးဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။ လူးဝစ် ဒီယက်ဇ်၊ ဆာ့ဂျ် ဂနာဘရီ၊ အယ်လ်ဖွန်ဆို ဒေးဗီးစ်၊ အစ္စမေးလ် ဆိုင်ဘာရီ နဲ့ မန်နျူရယ် နူအာ တို့ကလည်း အရင်ကတည်းက မပါဝင်နိုင်လို့ ပွဲကျပ်ကာလအတွင်း ကွန်ပနီ အတွက် လူရွေးချယ်စရာ နည်းပါးသွားစေပါတယ်။

ဒီလထဲမှာပဲ ကိန်း ဟာ ဘိုင်ယန် နဲ့ ၂၀၂၉ ခုနှစ် ဇွန်လအထိ စာချုပ်သစ်ချုပ်ဆိုထားပြီး တစ်ပတ်လုပ်ခ ပေါင် ၄၀၀,၀၀၀ ကျော်နဲ့ ဥရောပရဲ့ လစာအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က တော့တင်ဟမ် ကနေ ပြောင်းရွှေ့လာပြီးကတည်းက ကိန်း ဟာ ၁၆၃ ပွဲမှာ ၁၅၆ ဂိုးအထိ သွင်းယူပေးထားပြီး ပြီးခဲ့တဲ့ရာသီက ပြည်တွင်းဖလား နှစ်လုံးရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Source : https://www.theguardian.com/

Leave a Reply

Your email address will not be published. Required fields are marked *