ပေါင် ၃၄ သန်းနဲ့ ခေါ်ယူမှု အပြီးမှာ ခရစ္စတော့စ် ဇိုးလစ် ရဲ့ ကျောနံပါတ်ကို အာဆင်နယ် ထုတ်ပြန်

ခရစ္စတော့စ် ဇိုးလစ် ကျောနံပါတ်

အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့မှုပြီးမြောက်သွားခဲ့ပြီးတဲ့နောက် ခရစ္စတော့စ် ဇိုးလစ် ရဲ့ ကျောနံပါတ်ကို အတည်ပြုထုတ်ပြန်လိုက်ပါပြီ။ အသက် ၂၄ နှစ်အရွယ် ဂရိ တောင်ပံကစားသမားဟာ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ကလပ် ဘရူးဂေး အသင်းဆီကနေ ပေါင် ၃၄ သန်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။

သူ့ရဲ့ရောက်ရှိလာမှုဟာ ဒီနွေရာသီမှာ လီယန်ဒရို ထရော့ဆက်ဒ် ကို ဘက်ဆစ်တက်ရှ် အသင်းဆီ ရောင်းချခဲ့ပြီးတဲ့နောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဇိုးလစ် ဟာ ဘယ်၊ ညာ နှစ်ဖက်လုံး ကောင်းကောင်းကန်နိုင်သူဖြစ်ပြီး ဘယ်တောင်ပံမှာ အဓိကကစားရမယ်ဆိုရင်တောင်မှ နေရာစုံ ကစားပေးနိုင်စွမ်း ရှိပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီ ဘယ်လဂျီယံ မှာ ကလပ် ဘရူးဂေး အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၂၉ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သူပါ။

ဇိုးလစ် ဟာ ကလပ် ဘရူးဂေး နဲ့အတူ ရာသီကြို လေ့ကျင့်ခန်းတွေ ဆင်းထားပြီးဖြစ်တာကြောင့် အခု ဂန်းနား တို့နဲ့အတူ ဆက်လက် လေ့ကျင့်သွားရတော့မှာပါ။

သူဟာ နောက်တစ်ပတ် စပိန် နိုင်ငံဆီသွားရောက်မဲ့ အသင်းလူစာရင်းမှာ ပါဝင်လာမှာဖြစ်ပြီး ဩဂုတ် ၁ ရက်နေ့ ဂျီရိုနာ နဲ့ ကစားမဲ့ပွဲမှာ အာဆင်နယ် အတွက် ပထမဆုံး ပွဲထွက်ကစားလာနိုင်ပါတယ်။

ကလပ် ဘရူးဂေး မှာ ကျောနံပါတ် ၈ ဝတ်ဆင်ခဲ့တဲ့ ဇိုးလစ် ကို အခု အာဆင်နယ် မှာ ကျောနံပါတ် ၁၇ ပေးအပ်လိုက်ပါတယ်။

ဒီကျောနံပါတ်ဟာ ဒီနှစ်အစောပိုင်းတုန်းက အိုလက်ဇန်းဒါး ဇင်ချန်ကို တစ်ယောက် အေဂျက်စ် အသင်းဆီ ထွက်ခွာသွားခဲ့ပြီးကတည်းက လစ်လပ်နေခဲ့တာပါ။

ယခင်က စီဒရစ် ဆိုးရက်စ် နဲ့ အဲလက်စ် အီဝိုဘီ တို့လည်း ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ခဲ့ဖူးပေမဲ့ ဇိုးလစ် ကတော့ အဲလက်ဆစ် ဆန်းချက်ဇ် ရဲ့ ခြေရာကို ပိုပြီး နင်းနိုင်ဖို့ မျှော်လင့်နေမှာပါ။

ချီလီ တိုက်စစ်မှူး ဆန်းချက်ဇ် ဟာ အာဆင်နယ် မှာ ပထမဆုံး ၂ ရာသီတုန်းက ဒီကျောနံပါတ်ကို ဝတ်ဆင်ခဲ့ပြီး ၄၂ ဂိုးအထိ သွင်းယူပေးခဲ့တာပါ။

အဲ့ဒီမတိုင်ခင်တုန်းကလည်း အဲလက်စ် ဆောင်းအီဒူး နဲ့ အီမန်နျူရယ် ပေတီး တို့ဟာ အာဆင်နယ် ရဲ့ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ခဲ့ကြပါသေးတယ်။

အာဆင်နယ် ရဲ့ အားကစားဒါရိုက်တာ အန်ဒရီယား ဘာတာ က “ခရစ္စတော့စ် ဟာ ဘယ်တောင်ပံမှာ သဘာဝအတိုင်း ကစားနိုင်သလို ရှေ့တန်းတစ်လျှောက် ဘယ်နေရာမဆို အဆင်ပြေပြေ ကစားနိုင်တဲ့ အားသာချက်မျိုးစုံရှိတဲ့ တိုက်စစ်ကစားသမားပါ။ နှစ်ဖက်စလုံးနဲ့ အချောမောဆုံး ဂိုးသွင်းယူနိုင်သူဖြစ်ပြီး ကျဉ်းမြောင်းတဲ့ နေရာတွေထဲမှာလည်း ခြေစွမ်းပြနိုင်သလို နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းရည်လည်း အလွန်ကောင်းမွန်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ခရစ္စတော့စ် ဟာ ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှုတွေမှာ အံ့အားသင့်စရာ ကိန်းဂဏန်းတွေ ပြသထားခဲ့တာပါ။ သူဟာ အသင်းဆီ အပြုသဘောဆောင်တဲ့ စွမ်းအင်၊ စိတ်အားထက်သန်မှုနဲ့ သန်မာတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို ယူဆောင်လာပေးရင်း အသင်းရဲ့ နည်းစနစ်အဆင့်အတန်းကို ပိုမိုမြင့်မားစေမဲ့ ကစားသမားတစ်ဦးပါပဲ” လို့လည်း ဆိုခဲ့ပါသေးတယ်။

Source : https://www.standard.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *