အက်စတွန်ဗီလာ အသင်းဟာ ချယ်လ်ဆီး အသင်းဆီကနေ တောင်ပံကစားသမား အလက်ဆန်ဒရို ဂါနာချို ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ ဒီသဘောတူညီမှုဟာ လွယ်လွယ်ကူကူ ပြည့်မီနိုင်တဲ့ အခြေအနေတွေပါဝင်တဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ ငှားရမ်းစာချုပ် ပုံစံမျိုး ဖြစ်ပါတယ်။
ငှားရမ်းခ အပါအဝင် စုစုပေါင်း ပြောင်းရွှေ့ကြေး ပက်ကေ့ဂျ်ဟာ ချယ်လ်ဆီး ဘက်က သတ်မှတ်ထားတဲ့တန်ကြေးနဲ့ ကိုက်ညီတယ်လို့ သိရပါတယ်။ စကိုင်းစပို့စ်နယူးစ် ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီး အသင်းဟာ ဒီတောင်ပံကစားသမားအတွက် ပေါင် ၄၂.၆ သန်းအထိ လိုချင်ခဲ့တာဖြစ်ပါတယ်။ ဂါနာချို ဟာ လွန်ခဲ့တဲ့ နွေရာသီတုန်းကမှ မန်ချက်စတာယူနိုက်တက် အသင်းဆီကနေ ချယ်လ်ဆီး ကို ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ဒီ အာဂျင်တီးနား လက်ရွေးစင် တောင်ပံကစားသမားဟာ အသင်းကနေ ထွက်ခွာနိုင်ဖို့အတွက် ချယ်လ်ဆီး ရဲ့ ရာသီကြို လေ့ကျင့်ရေးဆင်းပွဲတွေကို လာရောက်ပူးပေါင်းခဲ့ခြင်း မရှိပါဘူး။
ဒီအပြောင်းအရွှေ့ဟာ အပြန်အလှန်အနေနဲ့ မော်ဂန် ရိုဂျာစ် ကို ဗြိတိန် စံချိန်တင် အပြောင်းအရွှေ့ကြေး ပေါင် ၁၁၇ သန်းနဲ့ ချယ်လ်ဆီး ဆီ ရောင်းချဖို့ အသင်းနှစ်သင်းကြား ညှိနှိုင်းခဲ့ပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဂါနာချို ရဲ့ ချယ်လ်ဆီး ကနေ အက်စတွန်ဗီလာ ဆီ ပြောင်းရွှေ့မှုဟာ ရိုးရိုးရှင်းရှင်းတော့ မဟုတ်ပါဘူး။ အသင်းနှစ်သင်းစလုံးဟာ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ဖောက်ဖျက်မှုကြောင့် ယူအီးအက်ဖ်အေ ရဲ့ ဒဏ်ရိုက်ခြင်းကို မကြာသေးမီကမှ ခံထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ရှောင်ရှားနိုင်ဖို့ အစွမ်းကုန် သတိထား လုပ်ဆောင်နေရပါတယ်။
ချယ်လ်ဆီး အသင်းဟာ လွန်ခဲ့တဲ့နှစ်က ယူအီးအက်ဖ်အေ နဲ့ ၄ နှစ်စာ သဘောတူညီချက် ရယူထားခဲ့ရတာကြောင့် ဒီရာသီမှာ ဥရောပ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေမဲ့ ယူအီးအက်ဖ်အေ ရဲ့ တင်းကြပ်တဲ့ ဘဏ္ဍာရေးလမ်းညွှန်ချက်တွေကို လိုက်နာနေရဆဲ ဖြစ်ပါတယ်။ ဗီလာ အသင်းကတော့ မော်ဂန် ရိုဂျာစ် ကို ချယ်လ်ဆီး ဆီ ရောင်းချခဲ့တာကြောင့် အမြတ်ငွေ အများအပြား ရရှိခဲ့ပါတယ်။
ဒီအမြတ်ငွေဟာ ဒီရာသီမှာ ယူအီးအက်ဖ်အေ နဲ့ ပရီးမီးယားလိဂ် တို့ရဲ့ မတူညီတဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို လိုက်နာနိုင်ဖို့ အများကြီး အထောက်အကူပြုမှာပါ။ ဒါပေမဲ့ အသင်းဆီကနေ ထွက်ခွာသွားသူတွေရှိနေတာကြောင့် ဒီရာသီ ပြိုင်ပွဲအရပ်ရပ်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် အသင်းကို ပြန်လည်တည်ဆောက်ဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။
Source : https://www.skysports.com/




