အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် မာဂယ်ဟေးစ် ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ပီအက်စ်ဂျီ အသင်းနဲ့ပွဲမှာ အဆုံးအဖြတ်ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ဂျာစီရောင်းအားဟာ ၃၅၀ ရာခိုင်နှုန်းအထိ သိသိသာသာ ထိုးတက်လာခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရလို့ စိတ်ပျက်စရာကောင်းခဲ့ပေမဲ့ ဂန်းနားပရိသတ်တွေကတော့ ဒီဗဟိုနောက်ခံလူဘက်ကနေ ရပ်တည်ပေးခဲ့ကြပြီး သူ့ရဲ့အမည်ပါတဲ့ ပုံတူဂျာစီအင်္ကျီတွေကို အဝယ်ဆုံးစာရင်းထဲ ထည့်သွင်းလာကြတာပါ။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ ပင်နယ်တီ ၅ လုံးမြောက်ကို ကန်သွင်းခဲ့တာဖြစ်ပြီး ဂိုးဘားပေါ်ကျော်သွားခဲ့တာကြောင့် ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းအနေနဲ့ ဥရောပရဲ့ အဖိုးတန်ဆုံးချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ဆက်တိုက်ဆွတ်ခူးသွားနိုင်ခဲ့တာပါ။
၂၀၂၀ ခုနှစ်က လိုင်လီ အသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာဂယ်ဟေးစ် ဟာ ပြီးခဲ့တဲ့အပတ်က အာဆင်နယ် ဂျာစီတွေထဲမှာ ရောင်းအားအကောင်းဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ တစ်ချိန်မှာဆိုရင် သူ့ရဲ့ရောင်းအားဟာ အခြားဘယ်ကစားသမားထက်မဆို နှစ်ဆလောက်အထိ ပိုများခဲ့ပါတယ်။
ဒီလိုအသည်းခွဲခံရတဲ့ စိတ်ပျက်စရာအခြေအနေပြီးနောက် ဘရာဇီးလ်လက်ရွေးစင်နောက်ခံလူဟာ ပရိသတ်တွေကို သူ့ရဲ့ခံစားချက်တွေအကြောင်း လူမှုကွန်ရက်ကနေတစ်ဆင့် ဝေမျှခဲ့ပါတယ်။ မာဂယ်ဟေးစ် က ရလဒ်အပေါ် အလွန်ဝမ်းနည်းမိပေမဲ့ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းအပေါ် အလွန်ဂုဏ်ယူမိကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
သူက ရာသီအပေါ် ပြန်လည်သုံးသပ်ရင်း နှလုံးသားထဲကလာတဲ့ စကားလုံးတွေနဲ့ အခုလို ရေးသားခဲ့ပါတယ်။
“ဒါဟာ နာကျင်စရာကောင်းပေမဲ့ ကျွန်တော်တို့အသင်းနဲ့ ဒီရာသီမှာ အတူတူဖြတ်သန်းခဲ့တဲ့ အရာအားလုံးအတွက် ဂုဏ်ယူပါတယ်။ ခြေလှမ်းတိုင်းမှာ အမြဲတမ်းအားပေးခဲ့ကြတဲ့ အံ့ဩစရာကောင်းတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့အားလုံးဟာ ဒီခရီးစဉ်ကို ကျွန်တော်တို့နဲ့အတူ အောင်ပွဲခံဖို့ ထိုက်တန်သလို ဒီနေ့ကျင်းပမဲ့ ဖလားအောင်ပွဲခံလှည့်လည်ပွဲကိုလည်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပါဦး။ လာမဲ့ရာသီမှာ ပြန်ဆုံကြတာပေါ့။ အားလုံးကိုချစ်တဲ့ Big Gabi။” သူဟာ ဒီနှစ်ထဲမှာ အသင်းအတွက် အဓိကကျတဲ့ မဏ္ဍိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။
ပရိသတ်တွေရဲ့ ယိမ်းယိုင်မှုမရှိတဲ့ အားပေးမှုတွေက လန်ဒန်မြောက်ပိုင်းကို ရောက်ရှိလာကတည်းက ဗဟိုနောက်ခံလူရဲ့ ကြီးမားတဲ့စွမ်းဆောင်ရည်တွေကို ပေါ်လွင်စေပါတယ်။ အာဆင်နယ် ကစားသမားဘဝတစ်လျှောက်မှာ မာဂယ်ဟေးစ် ဟာ ၂၆၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ခံစစ်ကနေ ၁၉ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။
သူဟာ ဒီရာသီမှာ အသင်းပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ပါဝင်ကစားကာ ၄ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ အခုနောက်ဆုံးရရှိခဲ့တဲ့ ပြည်တွင်းချန်ပီယံဆုဟာ ၂၀၂၃-၂၄ ရာသီတုန်းက ရရှိခဲ့တဲ့ ကွန်မြူနတီဒိုင်းဆုအပြင် နောက်ထပ်တိုးလာတဲ့ အောင်မြင်မှုတစ်ခုပါ။ အသင်းဘက်ကလည်း သူ့ကို ရေရှည်စာချုပ်ချုပ်ဆိုထားပြီး လက်ရှိစာချုပ်ဟာ ၂၀၂၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒီလိုအမြဲတမ်းခြေစွမ်းတည်ငြိမ်နေမှုကြောင့် ပင်နယ်တီတစ်လုံး လွဲချော်ခဲ့ရုံနဲ့ ခံစစ်ရဲ့အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် သူ့ရဲ့သမိုင်းကြောင်းကို မှေးမှိန်သွားစေမှာ မဟုတ်ပါဘူး။
Source : https://www.goal.com/




