ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်ရဲ့ နောက်ဆုံးရက်မှာ နာပိုလီ အသင်းကနေ နိုင်ဂျီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို တစ်ရာသီ အငှားနဲ့ အရင်ခေါ်ကာ ၊ စာချုပ်ထဲမှာ အပြီးသတ်ပြောင်းရွှေ့ကြေး တရပ်ရပ်နဲ့ ခေါ်ယူခွင့်ကို ထည့်ချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
အိုဆီမန် က နာပိုလီမှာ အနာဂတ်မရှိတော့တာ အချိန်အတော်ကြာအောင် သိထားလျက်နဲ့ ၊ ဈေးကွက် ပိတ်သိမ်းခါနီးမှ ဖုတ်ပူမီးတိုက် ခေါ်ယူဖို့ ကြိုးစားခဲ့တာက ချဲလ်ဆီးရဲ့ အမှားလို့ သုံးသပ်မှုတွေရှိနေသလို ၊ ကစားသမားဖက်က လစာလျှော့မယူပေးလို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။
ဒီအပြောင်းအရွှေ့ ဆွေးနွေးမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ ဂျွန်အိုဘီ မီခေးလ်ကတော့ သူ့ရဲ့ ကိုယ်ပိုင် Podcast အစီအစဉ်မှတဆင့် ဘာကြောင့် အိုဆီမန်နဲ့ ချဲလ်ဆီး အကြား အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာလဲ ဆိုတာ အခုလိုပဲ ရှင်းလင်းလာပါတယ်။

မီခေးလ် က “ဗစ်တာဖက်က ဘာအလိုရှိခဲ့လဲ ဆိုတာ ကျွန်တော်သိပါတယ် ။ ကလပ်ဖက်က သူ့ကို ဘာတွေကမ်းလှမ်းခဲ့လဲ ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှု ဘယ်အထိရောက်ခဲ့လဲဆိုတာ ကျွန်တော်သိပါတယ်။ အဆုံးမှာ ကျွန်တော်တို့ အပြန်အလှန် သဘောတူညီမှု ရခဲ့ပါတယ်။”
”တစ်ခု ရှိတာက ဟိုနည်းနည်း ဒီနည်းနည်း လိုနေခဲ့တာပါ။ စာချုပ်စာတမ်းတွေ ၊ ဆေးစစ်ဖို့ ကိစ္စနဲ့ တခြား အခက်အခဲ အနည်းငယ်ကြောင့် ဒီအပြောင်းအရွှေ့ကို ဖြစ်မြောက်အောင် ကျွန်တော်တို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒီအပြောင်းအရွှေ့ အကောင်အထည်ပေါ်ဖို့ ၂ -ဖက်လုံးက ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့ကြပါတယ်။”
”အိုဆီမန်ကို ခေါ်ဖို့ ချဲလ်ဆီးကို ကျွန်တော်တိုက်တွန်းခဲ့တာပါ။ ဘာလို့လဲဆိုတော့ ဒီကလပ်ကို သူတို့ ဘယ်နေရာမျိုးဆီ ဆွဲခေါ်သွားချင်လဲဆိုတာ ကျွန်တော်ခံစားမိလို့ပါ။ နောက်ပြီး ဗစ်တာဖက်ကလည်း ချဲလ်ဆီးဆီ ဘယ်လောက်ထိ ပြောင်းချင်လဲ ဆိုတာမျိုးပေါ့။ ”

“ဒီအပြောင်းအရွှေ့ ဖြစ်မလာလို့ သူ စိတ်ပျက်ခဲ့ပါတယ်။ ဈေးကွက် ပိတ်သွားတော့ ကျွန်တော် သူ့ကိုဖုန်းဆက်ခဲ့ပါတယ်။ မိနစ် ၂၀-လောက် ကျွန်တော်တို့ ဖုန်းပြောခဲ့ပြီး ၊ အဲဒီမှာ ကျွန်တော်က ‘နားထောင် ၊ ငါ မင်းအတွက် အမြဲရှိနေတယ် ၊ မင်း ကိုယ့်ကိုယ်ကို နှိမ့်ချပြီး နေဖို့ပဲလိုတယ် ၊ ရှေ့ဆက်လေ့ကျင့်ပါ ၊ ဒါက အကောင်းဆုံးအခြေအနေမဟုတ်တာ ငါသိတယ် ၊ ဒါပေမဲ့ မင်း စိတ်ဓာတ် ကြံ့ခိုင်တယ် ဆိုတာလည်း ငါသိတယ် ‘ လို့ ပြောခဲ့ပါတယ်။”
”ဗစ်တာဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်မာန် ရှိတဲ့ ကစားသမားမျိုးပါ။ သူဟာ ဒီဒီယာ ဒရော့ဘာ ၊ ဒီယေဂို ကော်စတာတို့လို တိုက်စစ်မှူးမျိုးပါ။ ဒါက ကျွန်တော်တို့ အသင်းမှာ လိုအပ်နေတဲ့အရာပါပဲ။ အဆုံးသတ် သေချာတဲ့ ၊ ပြိုင်ဖက် ခံစစ်ကြောင်းကို ခြောက်လှန့်နိုင်မဲ့ တိုက်စစ်မှူးမျိုးပေါ့ ။ ဗစ်တာမှာ ဒီအရည်အသွေးတွေ သေချာပေါက် ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မီခေးလ် က လစာလျှော့မယူလို့ အိုဆီမန်နဲ့ ချဲလ်ဆီးတို့ သဘောတူညီမှု မရခဲ့ဘူး ဆိုတဲ့ ယူဆချက်တွေ အပေါ် ”အပြောင်းအရွှေ့ ဆွေးနွေးမှုမှာ ဘာပြဿနာမှမရှိခဲ့တာ သေချာပါတယ်။ ဒါကို ဇန်နဝါရီ ဈေးကွက် ဒါမှမဟုတ် နောက်နှစ် နွေရာသီ ဈေးကွက်မှာ ပြန်ဆက်ရင် ရနိုင်ပါတယ်။ ”
”ကျွန်တော်တို့ ဘယ်အထိ ခရီးပေါက်ခဲ့လဲ ၊ ဘယ်နေရာမှာ ရပ်ခဲ့ရလဲ ဆိုတာသိပါတယ်။ အသေးအဖွဲ့ အချက်အလက် အနည်းငယ်ပဲ အပြီးသတ် လုပ်ဆောင်ဖို့ ကျန်ခဲ့တာပါ ။ ဒါပြီးခဲ့ရင် အပြောင်းအရွှေ့က ဖြစ်မြောက်လာပါလိမ့်မယ်။”
”ကျွန်တော့် အမြင်အရ ဗစ်တာနဲ့ ပတ်သက်ပြီး ကလပ်ဖက် အရမ်းပျော်ရွှင်တဲ့ အနေအထားမှာ ရှိနေသလို ၊ ဗစ်တာဖက်ကလည်း ထိုနည်း၎င်း ခံစားရပါတယ်။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်နားသွားမှာ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ချဲလ်ဆီးဆီ မရရအောင် ခေါ်သွားချင်ပါတယ်။”
”ဗစ်တာက ကျွန်တော့် ညီငယ်လို ဖြစ်နေလို့ ၊ နိုင်ဂျီးရီးယားသား တစ်ယောက် ဖြစ်နေလို့ သူ့ကို ချဲလ်ဆီးဆီ ခေါ်ချင်တာ မဟုတ်ပါဘူး။ သူဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦး ၊ အာဖရိက အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်နေလို့ ၊ အသင်းဆီ ဘာတွေယူဆောင်ပေးနိုင်လဲဆိုတာ သိထားလို့ ကျွန်တော် သူ့ကို ချဲလ်ဆီးဆီခေါ်ပေးချင်တာပါ။”

”ချဲလ်ဆီး ပရိသတ် အများစုကလည်း ဗစ်တာ ကလပ်ဆီကို ဘာတွေ ယူဆောင်ပေးလာနိုင်လဲဆိုတာ သိကြပါတယ်။ ဗစ်တာဟာ အပြောင်းအရွှေ့ မဖြစ်လာခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာ ရင်ဆိုင်ထားရပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက ဒီကိစ္စ အကြောင်း အတွင်းအပြင်သေသေချာချာ မသိကြလို့ပါ။”
”ဒီချာတိတ်ကို မဝေဖန်ခင် ခင်ဗျား ဒီကိစ္စကို သိအောင်အရင်လုပ်ဖို့ လိုပါတယ်။ ဗစ်တာဟာ ဒီကလပ်ဆီ အမှန်တကယ် ပြောင်းလာချင်ခဲ့တာပါ။ သူဟာ ဟိုဖက်နဲ့ရော ၊ ဒီဖက်နဲ့ပါ ညှိနှိုင်းမှု အဆင်ပြေစေဖို့ အလယ်မှာ ကြားဝင်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ လစာကိစ္စ သဘောတူညီမှု ရခဲ့ပေမဲ့ ၊ အသေးအဖွဲ အချက်အလက်လေးတွေမှာ အဆင်ပြေအောင် မညှိနှိုင်းနိုင်ခဲ့လို့ပါ။”
”ဗစ်တာ လောဘကြီးတယ် ဆိုပြီး အဓိပ္ပာယ်မရှိတဲ့ဝေဖန်မှုတွေ ကျွန်တော် ကြားနေရပါတယ်။ နိုင်ဂျီးရီးယားသားတွေ သူ့ကို အားပေးထောက်ခံဖို့ အချိန်ကျပါပြီ။ ရှေ့မှာ ကျွန်တော် ပြောခဲ့သလို ၊ ချဲလ်ဆီးသာ သူ့ကို ခေါ်ချင်သေးရင် ဇန်နဝါရီ ဈေးကွက်မှာ ဒီကိစ္စ ရှေ့ဆက်လို့ ရပါတယ်။”
”ချဲလ်ဆီးဟာ ဗစ်တာကို အလိုရှိနေဆဲ ဖြစ်သလို ၊ ဗစ်တာကလည်း ချဲလ်ဆီးကို လာချင်နေဆဲပါ။ ကျွန်တော်တို့ ဘယ်နေရာကို ရောက်နေလဲဆိုတာ တိတိကျကျသိပါတယ်။ အပြောင်းအရွှေ့ ညှိနှိုင်းမှု ခက်ခဲနေတာ မဟုတ်ပါဘူး။ အပြီးသတ်နိုင်ဖို့ပဲ လိုခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
Source: dailymail.co.uk
#xda77 #xda77digital #ဗစ်တာအိုဆီမန် #ဂျွန်အိုဘီမီခေးလ် #ချဲလ်ဆီး