ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းရဲ့ နည်းပြသစ်အဖြစ် ဟိုဆေး မော်ရင်ညို ကို ပြန်လည်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ဒါဟာ မော်ရင်ညို အတွက်တော့ ရီးရဲလ်မက်ဒရစ် အသင်းကို ပထမအကြိမ် ကိုင်တွယ်ခဲ့ပြီး ၁၃ နှစ်အကြာမှာ ဘာနေဗျူး ကွင်းဆီကို စိတ်လှုပ်ရှားစရာကောင်းတဲ့ တစ်ကျော့ပြန် ခရီးစဉ်အဖြစ် ပြန်လည်ရောက်ရှိလာတာပါ။
၎င်းရဲ့ ပထမဆုံး သက်တမ်းအတွင်းမှာ မော်ရင်ညို ဟာ မက်ဒရစ် မှာ ၃ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး စံချိန်တင် ရမှတ်တွေနဲ့အတူ လာလီဂါ ချန်ပီယံဆု၊ ကိုပါဒယ်ရေး ဖလားနဲ့ စပိန်စူပါကပ် ဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဘင်ဖီကာ အသင်းကို အရှုံးမရှိ လိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ချဲလ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းဟာ အခုအခါမှာတော့ ရီးရဲလ် နဲ့ ၂၀၂၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းရှိမဲ့ ၃ နှစ်စာချုပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ၎င်းအနေနဲ့ လာမဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ ရာသီကြို ပြင်ဆင်မှုတွေ စတင်ဖို့အတွက် အသင်းနဲ့ တရားဝင် ပူးပေါင်းမှာပါ။
ဘင်ဖီကာ အသင်းကတော့ မော်ရင်ညို အတွက် လျော်ကြေးငွေအဖြစ် ရီးရဲလ်မက်ဒရစ် ဘက်က ပေါင် ၁၂.၉ သန်း (ယူရို ၁၅ သန်း) ပေးချေရမယ်လို့ အရင်ကတည်းက ထုတ်ပြန်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က အယ်လ်ဗာရို အာဘီလိုအာ အသင်းကနေ ထွက်ခွာသွားခဲ့ပြီးနောက်မှာတော့ မော်ရင်ညို အနေနဲ့ ရီးရဲလ်မက်ဒရစ် ရဲ့ နည်းပြသစ်ဖြစ်လာဖို့ လမ်းပွင့်သွားခဲ့တာပါ။ ဘင်ဖီကာ ဘက်ကလည်း မော်ရင်ညို ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ ဖူဟမ် နည်းပြဟောင်း မာကို ဆေးလ်ဗား ကို အစားထိုး ခန့်အပ်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။
ကြာသပတေးနေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ရဲ့ ကြေညာချက်ထဲမှာတော့ “ဒီနေ့ ဇွန်လ ၁၁ ရက် ကြာသပတေးနေ့မှာ ဥက္ကဋ္ဌ ဖလော်ရင်တီးနိုး ပီရက်ဇ် ဦးဆောင်တဲ့ ရီးရဲလ်မက်ဒရစ် အမှုဆောင်အဖွဲ့ဟာ လာမဲ့ ၃ ရာသီ (၂၀၂၉ ခုနှစ် ဇွန်လ ၃၀ ရက်အထိ) အသင်းရဲ့ ပထမအသင်း နည်းပြအဖြစ် ဟိုဆေး မော်ရင်ညို ကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။
မော်ရင်ညို အနေနဲ့ ရီးရဲလ် အသင်းရဲ့ ရာသီပိတ် လာလီဂါ ပွဲစဉ်ဖြစ်တဲ့ အသလက်တစ် ဘီလ်ဘာအို နဲ့ ပွဲအပြီး လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက အလုပ်စလုပ်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲ ကြားခံနေခဲ့လို့ စောင့်ဆိုင်းခဲ့ရပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပီရက်ဇ် ကပဲ ထပ်မံ အနိုင်ရရှိခဲ့တာကြောင့် မော်ရင်ညို တစ်ကျော့ပြန်လာဖို့ လမ်းကြောင်း အားလုံး ရှင်းလင်းသွားခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ညို ဟာ ရီးရဲလ် ဆီကို ၎င်းနဲ့အတူ နည်းပြအဖွဲ့ဝင် ၅ ဦး ဖြစ်တဲ့ လက်ထောက်နည်းပြ ဂျိုအို ထရယ်ဟို၊ ပက်ဒရို မာချာဒို၊ ကြံ့ခိုင်ရေးနည်းပြ အန်တိုနီယို ဒိုင်ယာ့စ်၊ အကဲဖြတ်အရာရှိ ရိုဘတ်တို မာရယ်လာ နဲ့ ဂိုးနည်းပြ နူနို ဆန်းတိုစ့် တို့ကိုပါ တစ်ပါတည်း ခေါ်ဆောင်လာမှာပါ။ အခုလို ဟိုဆေး မော်ရင်ညို တစ်ကျော့ပြန် ရောက်ရှိလာတာဟာ ကာယကံရှင် နည်းပြကြီးအတွက် အိမ်မက်ဆန်တဲ့ ပြန်လာခြင်းဖြစ်ပေမဲ့ ပင်မအလုပ်တွေကို စတင်ကိုင်တွယ်ရတော့မဲ့ အချိန်မှာ ဘာနေဗျူး ကွင်းမှာ အောင်မြင်မှုတွေ ထပ်မံ ရယူနိုင်ဖို့အတွက် ဖြေရှင်းရမဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါ မှာ အဓိကပြိုင်ဘက် ဘာစီလိုနာ အသင်းရဲ့ နောက်ကွယ်ကနေ အမှတ်အကွာအဝေး အတော်လေးပြတ်တောက်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရသလို၊ အိမ်ကွင်း စပေါ့တီဖိုင်း ကမ့်နူး မှာ ကစားခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်မှာလည်း ရှုံးနိမ့်ပြီး ပြိုင်ဘက်တွေ ချန်ပီယံအောင်ပွဲခံတာကို ကြည့်ကာ အရှက်ရခဲ့ရပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဘိုင်ယန်မြူးနစ် အသင်းရဲ့ ပြင်းထန်တဲ့ တိုက်စစ်အင်အားကို မယှဉ်နိုင်ဘဲ ပြုတ်ခဲ့ရပါသေးတယ်။
Source : https://www.skysports.com/




