ဘာစီလိုနာရဲ့ ဝါရင့်ကစားသမားကြီး ရောဘတ် လီဝန်ဒေါစကီးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိနေတာ လအတော်ကြာနေပါပြီ။ အထူးသဖြင့် သူ့ရဲ့ လက်ရှိစာချုပ်က လာမဲ့ ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်လို့ပါ။
ပိုလန်တိုက်စစ်မှူးကြီးဟာ စာချုပ်နောက်ဆုံးလပိုင်းထဲကို ရောက်ရှိနေပြီဖြစ်ပေမဲ့ သူ့ရဲ့အနာဂတ်အတွက် အတည်တကျ မဆုံးဖြတ်ရသေးပါဘူး။ ဘာစီလိုနာကတော့ လစာလျှော့ပြီး နောက်ထပ် ၁ နှစ်စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချင်နေပေမဲ့ လီဝန်ဒေါစကီးဆီမှာတော့ ငွေကြေးအမြောက်အမြားရနိုင်မဲ့ တခြားရွေးချယ်စရာတွေလည်း ရှိနေပါတယ်။
လတ်တလောမှာတော့ ဂျူဗင်တပ်စ်အသင်းက လီဝန်ဒေါစကီးကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်ပြီး ဒီအပြောင်းအရွှေ့က ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို စဉ်းစားနေပါတယ်။ လီဝန်ဒေါစကီးကတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။
Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်က စိတ်ဝင်စားလာပေမဲ့ ဘာစီလိုနာကြယ်ပွင့်ရဲ့ အစီအစဉ်တွေက ပြောင်းလဲမသွားသေးပါဘူး။
လီဝန်ဒေါစကီးဟာ သူ့ရဲ့အသက်အရွယ်အရ ဒါဟာ နောက်ဆုံးအရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်တာကြောင့် နောက်ထပ်ခြေလှမ်းအတွက် စိတ်ရှည်လက်ရှည် စောင့်ကြည့်ချင်နေပါတယ်။ သူဟာ အနည်းဆုံး ဧပြီလကုန်အထိတော့ ဘာဆုံးဖြတ်ချက်မှ ချမှာမဟုတ်ဘဲ အဲ့ဒီအချိန်မှာရှိနေတဲ့ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ ပွဲကစားခွင့်တွေအပေါ် မူတည်ပြီးမှသာ အဖြေပေးမှာပါ။
တစ်ဖက်မှာလည်း သူ့ရဲ့ အေးဂျင့်ဖြစ်သူ ပီနီ ဇာဟာဗီက လာမဲ့အပတ်မှာ ဘာစီလိုနာကို လာရောက်ပြီး လီဝန်ဒေါစကီးရဲ့ သဘောထားကို မေးမြန်းသွားဖို့ ရှိပါတယ်။ အေးဂျင့်ဖြစ်သူကလည်း ဒီဆုံးဖြတ်ချက်မှာ အဓိကနေရာက ပါဝင်မှာပါ။
ရာဖင်ညာ ဒဏ်ရာရသွားလို့ နောက်လမှာ မကစားနိုင်တာက လီဝန်ဒေါစကီးအတွက် ဘာစီလိုနာမှာ သူဘယ်လောက် အရေးပါလဲဆိုတာကို သက်သေပြဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာပါတယ်။ လာမဲ့လမှာ သူ ဘယ်လောက် ခြေစွမ်းပြနိုင်မလဲဆိုတာက ကလပ်မှာ ဆက်နေဖြစ်ဖို့အတွက် အဆုံးအဖြတ် ဖြစ်လာမှာပါ။
Source : https://barcauniversal.com/




