မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အသင်းရဲ့ လူအင်အားအနက်ကို ပိုမိုတောင့်တင်းလာစေမဲ့ ပိုမိုကောင်းမွန်တဲ့ ကစားသမားခေါ်ယူရေး မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ခရိုက်ဆန်စီယို ဆမ်းမားဗီးလ် ကို ပစ်မှတ်ထားသင့်တယ်လို့ နီကီ ဘတ် က ယုံကြည်နေပါတယ်။
နီကီ ဘတ် က မန်ယူနိုက်တက် အသင်းအနေနဲ့ စူပါစတား ကစားသမားတွေကိုပဲ အာရုံစိုက်ခေါ်ယူနေတဲ့ အပြောင်းအလဲ မဟာဗျူဟာကနေ ရုန်းထွက်ပြီး အသင်းတစ်သင်းလုံးရဲ့ လူအင်အားကို ပိုမိုတောင့်တင်းအောင် တည်ဆောက်ဖို့ တောင်းဆိုလိုက်ပါတယ်။ ယူနိုက်တက် ကွင်းလယ်လူဟောင်းဟာ ဝက်စ်ဟမ်း အသင်းရဲ့ တောင်ပံကစားသမား ဆမ်းမားဗီးလ် ဟာ နယ်သာလန် အသင်းနဲ့အတူ နိုင်ငံတကာပွဲဦးထွက်မှာ အထင်ကြီးစရာကောင်းအောင် စတင်နိုင်ခဲ့ပြီးနောက်မှာ ခေါ်ယူဖို့ ထိုက်တန်တဲ့ ကစားသမားအဖြစ် သတ်မှတ်လိုက်တာပါ။
ဆမ်းမားဗီးလ် ဟာ ဂျပန် အသင်းနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ဂုဏ်သတင်းကို ပိုမိုမြင့်တက်စေခဲ့ပြီး သူ့ကိုခေါ်ယူချင်တဲ့ စိတ်ဝင်စားမှုတွေကိုလည်း ပိုများလာစေခဲ့ပါတယ်။ ပီနီနီတွေ (ရက်ဒ်ဒဲဗစ်စ်) အနေနဲ့လည်း တိုက်စစ်ပိုင်း ရွေးချယ်စရာတွေ ပိုမိုရရှိဖို့အတွက် အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Paddy Power နဲ့ သီးသန့်အင်တာဗျူးမှာတော့ နီကီ ဘတ် က ဆမ်းမားဗီးလ် ဟာ မန်ယူနိုက်တက် အသင်းက လိုအပ်နေတဲ့ ပုံစံမျိုးနဲ့ ကိုက်ညီတဲ့ ကစားသမားအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ နီကီ ဘတ် က အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ တိုးတက်ဖို့ နေရာအများကြီး လိုသေးတယ်ဆိုပေမဲ့ သူ့ရဲ့ပါရမီအရည်အသွေးဟာ အလေးအနက်ထား ကမ်းလှမ်းဖို့ လုံလောက်တဲ့အထိ မြင့်မားတယ်လို့ မှတ်ချက်ပြုခဲ့တာပါ။
“သူက ပေါက်ကွဲအားကောင်းတဲ့ ကစားသမားတစ်ဦးပါ၊ ကြည့်ရတာလည်း သဘောကျဖို့ကောင်းတယ်၊ ဒါပေမဲ့ သူ့ရဲ့ခြေစွမ်းက သိပ်ပြီးတော့ တည်ငြိမ်မှုမရှိသေးဘူးလို့ ထင်ပါတယ်” လို့ နီကီ ဘတ် က ရှင်းပြပါတယ်။ “ဒါပေမဲ့ သူ့ကိုခေါ်ယူဖို့ ငွေအများကြီး ပေးရမှာမဟုတ်သလို ယူနိုက်တက် အနေနဲ့လည်း လူအင်အား တောင့်တင်းအောင် တည်ဆောက်ဖို့ လိုအပ်နေပါတယ်။”
“စူပါစတား ကစားသမားတွေကိုပဲ သွားရောက်ခေါ်ယူနေဖို့ မဟုတ်ပါဘူး။ ဆမ်းမားဗီးလ် ဟာ ပထမပွဲစဉ်မှာ နယ်သာလန် အသင်းအတွက် တကယ့်ကို ထူးထူးခြားခြားကောင်းမွန်ခဲ့တာကြောင့် မန်ယူနိုက်တက် မှာ အပတ်တိုင်း ပွဲထွက်ကစားနိုင်တဲ့ အလားအလာ ရှိပါတယ်။ ကျွန်တော် သူ့ကိုကြည့်ပြီး နောက်ထပ်အဆင့်တစ်ခုကို ရောက်ဖို့အတွက် အများကြီး ပိုပြီးတည်ငြိမ်အောင် ကစားရမယ်လို့ တွေးမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့တော့ သူ့လို ကစားသမားမျိုးကို သေချာပေါက် ခေါ်ယူဖို့ စဉ်းစားမှာပါ” လို့ ဆိုပါတယ်။
“ကျွန်တော်တို့ အသင်းရဲ့ လူအင်အားကို တည်ဆောက်ရပါမယ်၊ အရန်ခုံက ပိုပြီးတော့ တောင့်တင်းဖို့ လိုပါတယ်” လို့ နီကီ ဘတ် က ထပ်လောင်းပြောကြားခဲ့ပါတယ်။ “အသင်းတစ်သင်းနဲ့ ကစားတဲ့အခါ သူတို့ရဲ့ ပွဲထွက် ၁၁ ယောက်ကို မြင်ရုံတင်မကဘဲ ပွဲထဲကို ဝင်လာပြီး အပြောင်းအလဲလုပ်နိုင်တဲ့ နောက်ထပ် ကစားသမား ၄ ယောက်လောက် ရှိနေတာဟာ တကယ့်ကို ကြီးမားတဲ့ အားသာချက်ပါ။”
“ပြီးခဲ့တဲ့ရာသီက အိုးလ်ထရက်ဖို့ဒ် မှာ ယူနိုက်တက် က လိဒ်စ် အသင်းကို ရှုံးနိမ့်ခဲ့တုန်းက အရန်ခုံပေါ်က ကစားသမားတွေနဲ့ အသင်းပတ်ဝန်းကျင်က ကစားသမားတွေဟာ လုံလောက်တဲ့ အရည်အသွေးမရှိခဲ့ကြပါဘူး။ သူတို့အားလုံး ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာ တကယ့်ကို ကောင်းမွန်ကြပေမဲ့ အသင်းရဲ့လူအင်အားကိုတော့ တည်ဆောက်ဖို့ လိုအပ်နေသေးတာကြောင့် ကျွန်တော့်အနေနဲ့ အဲဒီလို ကစားသမားမျိုးအချို့ကိုလည်း ခေါ်ယူဖို့ ကြိုးစားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
Source : goal.com




