မားကပ်စ် ရပ်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးဘူးလို့ မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ်က ပြောလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ နေရာမရတော့တာကြောင့် လက်ရှိမှာ စပိန်ကလပ် ဘာစီလိုနာအသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေတာပါ။ ရပ်ရှ်ဖို့ဒ်ကို ယူရို ၃၀ သန်း (ပေါင် ၂၆.၁ သန်း) နဲ့ အပြီးသတ်ဝယ်ယူခွင့်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ဘာစီလိုနာက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဘက်ကတော့ သဘောတူညီချက်ပါ အချက်အလက်တွေကို ပြင်ဆင်ဖို့ ကြိုးစားတာမျိုးကို လက်မခံဘဲ ငြင်းဆန်ထားပါတယ်။
သောမတ်စ် တူချယ်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ဖို့အခွင့်အရေးရှိနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အသင်းဟောင်းဆီ ပြန်လာဖို့ တံခါးဖွင့်ထားဆဲပါပဲ။ သူ့မှာ စာချုပ်သက်တမ်း ၂ နှစ် ကျန်သေးသလို တကယ်လို့ ယူနိုက်တက်သာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင် နောက်ရာသီမှာ သူ့ရဲ့ လစာက ၂၅ ရာခိုင်နှုန်းအထိ တိုးလာမှာ ဖြစ်ပါတယ်။
“အချို့အရာတွေအတွက် ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေပြီး မားကပ်စ်ကလည်း အဲ့ဒီအခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ဘာမှမဆုံးဖြတ်ရသေးပါဘူး။ အချိန်တန်ရင်တော့ ဆုံးဖြတ်ရမှာဖြစ်ပေမဲ့ အခုလောလောဆယ်မှာတော့ ပြောစရာ ဘာမှမရှိသေးပါဘူး” လို့ ကာရစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက အသင်းကနေ ထွက်ခွာသွားတဲ့ နည်းပြဟောင်း ရူဘင် အာမိုရင်ကတော့ ၂၀၂၅ ခုနှစ်မှာ ရပ်ရှ်ဖို့ဒ်ကို အက်စတွန်ဗီလာဆီ အငှားချခဲ့တုန်းက သူဟာ စိန်ခေါ်မှုအသစ်တွေကို လိုချင်နေတယ်လို့ ယူဆခဲ့ပါတယ်။ ကာရစ်အတွက်ကတော့ ရပ်ရှ်ဖို့ဒ်ဟာ အသင်းဖော်ဟောင်း၊ တပည့်ဖြစ်ခဲ့သူတင်မက ၂၀၂၁ ခုနှစ် ဆိုးရှား ထွက်သွားတုန်းက ယာယီနည်းပြအဖြစ်လည်း ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူတွေထဲမှာ နံပါတ် ၁၅ နေရာမှာ ရှိနေသူပါ။
အသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကတော့ အသင်းရဲ့ လစာပေးချေမှုတွေကို လျှော့ချချင်နေပါတယ်။ လာမဲ့ နွေရာသီမှာ ကတ်စီမီရို ထွက်သွားရင် ရပ်ရှ်ဖို့ဒ်ဟာ အသင်းရဲ့ လစာအများဆုံး ကစားသမား ဖြစ်လာမှာပါ။
“ဒီမှာရှိတဲ့ ဘယ်သူနဲ့မဆို ကျွန်တော် အတူတူ အလုပ်လုပ်ချင်ပြီး သူတို့ တိုးတက်လာအောင် ကူညီပေးချင်ပါတယ်။ အခုလောလောဆယ်မှာတော့ ဒီကစားသမားတွေနဲ့ပဲ အာရုံစိုက်ထားပါတယ်။ အငှားချထားတဲ့ ကစားသမားတွေနဲ့ပတ်သက်လို့ ဘာပဲဖြစ်လာဖြစ်လာ နောက်မှ ဆက်ဖြစ်မှာပါ။ အသင်းရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ကတော့ လူတိုင်းဆီက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရအောင် လုပ်ချင်တာပါ” လို့ ကာရစ်က ပြောပါတယ်။
ဇန်နဝါရီလကစပြီး ယာယီနည်းပြအဖြစ် တာဝန်ယူနေတဲ့ ကာရစ်ဟာ လာမဲ့နွေရာသီမှာ အမြဲတမ်းနည်းပြ ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ ဒါပေမဲ့ သူ အခုလောလောဆယ် အာရုံစိုက်နေတာက ချဲလ်ဆီးနဲ့ပွဲပါ။ ဒီပွဲမှာ နိုင်ရင် လီယမ် ရိုစီနီယာရဲ့ ချဲလ်ဆီးအသင်းကို ၁၀ မှတ်အထိ ဖြတ်ထားနိုင်မှာပါ။
ဒါပေမဲ့ ခံစစ်ပိုင်းမှာ ဟာရီ မက်ဂွါရီ နဲ့ လီဆန်ဒရို မာတီနက်ဇ် တို့က ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်သလို လူငယ်ကစားသမား လန်နီ ယိုရို လည်း ပါဝင်လာခြင်း မရှိပါဘူး။ ဒါကြောင့် ကာရစ်အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ လူငယ်နောက်ခံလူ အေဒင် ဟဲဗန် နဲ့အတူ လုခ်ရှော၊ မာဇာရောင် ဒါမှမဟုတ် ဝါရင့်ကွင်းလယ်လူ ကတ်စီမီရို တို့ကို တွဲဖက်သုံးဖို့ ဖိအားရှိနေပါတယ်။
Source : https://www.bbc.com/




