မန်ချက်စတာ ယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ် ကတော့ ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး အိုးထရက်ဖို့ဒ် မှာ သူ့ရဲ့ရာထူးအတွက် ရုန်းကန်နေရချိန်အတွင်း သူကိုယ်တိုင် ကစားသမားတွေနဲ့ အသင်းအဆင့်မြင့် တာဝန်ရှိသူတွေကြား “ခါးသီးတဲ့ အမှန်တရားတွေ” ကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ ပြောကြားလိုက်ပါတယ်။
ယူနိုက်တက် ဟာ စနေနေ့မှာတော့ စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းဆီသွားရောက်ပြီး ချယ်လ်ဆီး နဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ က အစ်ဆွစ်ချ် ကို ၅-၂ နဲ့ နိုင်ခဲ့တဲ့ပွဲပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းပွဲစဉ်နိုင်ပွဲပြန်ရဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါဟာ အခုရာသီမှာ ယူနိုက်တက် ရဲ့ တစ်ပွဲတည်းသော လိဂ်နိုင်ပွဲလည်း ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိမ်ကွင်းမှာ ဘုန်းမောက် ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့သလို အဲဒီမတိုင်ခင် ၄ ရက်ကလည်း ချန်ပီယံလိဂ်ပွဲစဉ်မှာ အီတလီကလပ် ကိုမို ကို ၄-၁ နဲ့ အရှက်တကွဲ ရှုံးခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ် ကာရစ် ရဲ့ အနာဂတ်အပေါ် မေးခွန်းတွေ အကြီးအကျယ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဆိုးရွားဆုံး ရလဒ်ဆိုးတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ ဖိအားတွေ ရှိနေပေမဲ့ တာဝန်ရှိသူတွေက သူ့ကိုရာထူးမှာဆက်ထားမယ်လို့ အသိပေးခဲ့ပါတယ်။
နွေရာသီမှာ အသင်းလူစာရင်းကို လုံလုံလောက်လောက် အင်အားမဖြည့်တင်းနိုင်ခဲ့တဲ့အတွက် ကစားသမားတွေအပြင် စီအီးအို အိုမာ ဘာရာဒါ နဲ့ ဘောလုံးဒါရိုက်တာ ဂျေဆန် ဝီလ်ကော့စ် တို့ပါဝေဖန်ခံနေရချိန်မှာ အသင်းပြဿနာတွေကို ဖြေရှင်းဖို့ အားလုံးကြား ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကာရစ် က ရှင်းပြပါတယ်။
“ဒါက အရမ်းရှင်းပါတယ်” လို့ ကာရစ် က သတင်းထောက်တွေကို ပြောပါတယ်။ “ကျွန်တော်နဲ့ ကစားသမားတွေကြားပဲဖြစ်ဖြစ်၊ ကျွန်တော်နဲ့ ဂျေဆန်၊ အိုမာ ဒါမှမဟုတ် အသင်းပိုင်ရှင်တွေကြားပဲဖြစ်ဖြစ် အမြဲတမ်းချိုသာပြေပြစ်နေတဲ့ စကားဝိုင်းတွေချည်း ဖြစ်မနေပါဘူး။ ဒါက အမှန်တရားပါပဲ၊ တစ်ခါတလေမှာ ခါးသီးပေမဲ့ ရှေ့ဆက်ဖို့ ဒါတွေကလိုအပ်ပါတယ်။ ရှေ့ဆက်ဖို့ လိုအပ်တာမှန်သမျှ ကျွန်တော်တို့ လုပ်သွားမှာပါ”။
“အသင်းဆီကနေ အကောင်းဆုံးပုံစံရဖို့အတွက် ကျွန်တော်တို့ အမြဲကြိုးစားပါတယ်။ တစ်ခါတလေ ကစားသမားတချို့နဲ့ သီးသန့်စကားပြောရတာတွေလည်း ပုံမှန်ပါပဲ။ အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်ကောင်းတွေရှိနေရင် အကြောင်းအရာတချို့အပေါ် သဘောထားအမြင်တွေ တောင်းရတာမျိုး ရှိတတ်ပါတယ်။ အဲဒီအပေါ် အမြဲတမ်း သဘောတူချင်မှ တူမှာဖြစ်ပေမဲ့ ဘာပြဿနာမှမရှိပါဘူး။ ပြီးရင်တော့ အားလုံး ဦးတည်ရာတစ်ခုတည်းဆီ အတူတူ သွားကြတာပါပဲ” လို့ သူက ဆက်ပြောပါတယ်။
ယူနိုက်တက် ဟာ ၁၉၈၈-၈၉ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရလဒ်တွေနဲ့ ရင်ဆိုင်နေရသလို နည်းပြ ရွန် အက်ကင်ဆန် ရာထူးက ထုတ်ပယ်ခံရပြီး အဲလက်စ် ဖာဂူဆန် နဲ့ အစားထိုးခဲ့တဲ့ ၁၉၈၆-၈၇ ရာသီနောက်ပိုင်း အဆိုးရွားဆုံး လိဂ်ရာသီအစကို ကြုံတွေ့နေရတာပါ။ ဒါပေမဲ့ အသင်းရဲ့ အဓိကပြဿနာဟာ ယုံကြည်မှုပျောက်ဆုံးနေတာကြောင့်ဖြစ်ပြီး ဒါကို ပြန်ပြင်ဆင်နိုင်တယ်လို့ ကာရစ် က ဆိုပါတယ်။
“ယုံကြည်မှုဆိုတာ အားကစားရဲ့ အလှတရားပါပဲ။ အဲဒီယုံကြည်မှုက ကစားဟန် အဆင့်အတန်းအပေါ် အရာအားလုံးထက် ပိုသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ ယုံကြည်မှုရဲ့ ကောင်းကွက်က ပွဲတစ်ပွဲ၊ အခိုက်အတန့်တစ်ခု၊ ဒါမှမဟုတ် နိုင်ပွဲရလဒ်တစ်ခုတည်းနဲ့တင် ချက်ချင်း ပြန်ရောက်လာနိုင်တာပါ။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ။ ဒါကြောင့်ပဲ ဖြစ်နိုင်ခြေတွေဟာ လက်တစ်ကမ်းမှာပဲ ရှိနေတယ်လို့ ဆက်ယုံကြည်နေစေတာပါ”။
“ပွဲတွေ မနိုင်တော့တဲ့အခါ သံသယတွေ ဝင်လာတာ သဘာဝပါပဲ။ အခုချိန်မှာ အရေးကြီးတာက ခံစားချက်တွေကို ပြောင်းလဲပစ်ဖို့နဲ့ ယုံကြည်မှုတွေ အသင်းဆီရော ပရိသတ်တွေဆီပါ ပြန်ရောက်လာဖို့ တစ်ခုခု အလှည့်အပြောင်း ဖြစ်လာဖို့ပါပဲ။ အဲဒီအရာက ဝေးသယောင်ထင်ရပေမဲ့ တကယ်တော့ သိပ်မဝေးပါဘူး” လို့ သူက ထပ်လောင်း ပြောဆိုပါတယ်။
ဒါ့အပြင် အသင်းဖော်ဟောင်း ဂယ်ရီ နဗီးလ် ရဲ့ ကစားသမားတချို့ ပရော်ဖက်ရှင်နယ် မဆန်ဘဲ ညဘက် ကောင်းကောင်းမအိပ်တာနဲ့ အချိန်အခါမဟုတ် အပေါင်းအသင်းလုပ်နေကြတယ်ဆိုတဲ့ ဝေဖန်မှုကိုတော့ ကာရစ် က ပယ်ချလိုက်ပြီး “အဲဒီလိုမျိုး ကျွန်တော် မတွေ့မိပါဘူး။ ဂက်ဇ် ကတော့ စကားတွေအများကြီး ပြောတတ်တာပဲလေ” လို့ တုံ့ပြန်သွားခဲ့ပါတယ်။
Source : https://www.espn.com.sg/




