မော်ရင်ညိုရဲ့ မှတ်ချက်တွေဟာ လက်ခံနိုင်စရာမရှိတဲ့ အမှားကြီးတစ်ခုလို့ ကွန်ပနီ ပြင်းပြင်းထန်ထန် ဝေဖန်

မော်ရင်ညိုရဲ့မှတ်ချက်ကို-ကွန်ပနီဝေဖန်-xda77

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီစီးယပ်စ် ဂျူနီယာ လူမျိုးရေးခွဲခြားစော်ကားခံရတယ်ဆိုတဲ့ ဖြစ်ရပ်အပြီးမှာ ဘင်ဖီကာနည်းပြ ဟိုဆေး မော်ရင်ညို ပြောကြားခဲ့တဲ့ မှတ်ချက်တွေဟာ “လက်ခံနိုင်စရာမရှိတဲ့ အမှားကြီးတစ်ခု” ဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဘင်ဖီကာကို ၁ ဂိုး – ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဘရာဇီးတိုက်စစ်မှူး ဗီနီစီးယပ်စ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာပါ။ ဗီနီစီးယပ်စ်ဟာ ဂိုးသွင်းပြီး အောင်ပွဲခံပုံကြောင့် အဝါရောင်ကတ်ပြသခံခဲ့ရသလို၊ အဲဒီနောက်ပိုင်းမှာ ဘင်ဖီကာတောင်ပံကစားသမား ဂျန်လူကာ ပရက်စတီယာနီဆီကနေ လူမျိုးရေးခွဲခြားစော်ကားခံရတယ်လို့ တိုင်ကြားခဲ့တာကြောင့် ပွဲကို ၁၀ မိနစ်လောက် ခေတ္တရပ်နားခဲ့ရပါတယ်။ ယူအီးအက်ဖ်အေ (UEFA) ကလည်း အဲဒီတိုင်ကြားချက်အပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပေမဲ့ ပရက်စတီယာနီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ပွဲအပြီးမှာတော့ ကွင်းလယ်ဒိုင်ကို အငြင်းပွားလို့ ပွဲထုတ်ခံခဲ့ရတဲ့ ဘင်ဖီကာနည်းပြ မော်ရင်ညိုက ဗီနီစီးယပ်စ်ရဲ့ အောင်ပွဲခံပုံဟာ “ရိုသေမှုမရှိဘူး” လို့ ပြောခဲ့သလို၊ ဘင်ဖီကာဟာ လူမျိုးရေးခွဲခြားတဲ့ကလပ်မဟုတ်ကြောင်း သက်သေအဖြစ် သူတို့ရဲ့ ဂန္ထဝင်တိုက်စစ်မှူး အူဆီဘီယိုကို ထောက်ပြခဲ့ပါတယ်။

သောကြာနေ့က အိုင်ထရက် ဖရန့်ဖတ်နဲ့ကစားမဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ညိုရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ကွန်ပနီက ၁၀ မိနစ်ကျော်ကြာအောင် စိတ်လှုပ်ရှားစွာနဲ့ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ကွန်ပနီက “ပွဲအပြီးမှာ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ ဟိုဆေး မော်ရင်ညိုဟာ ဗီနီစီးယပ်စ်ရဲ့ အောင်ပွဲခံပုံကို အကြောင်းပြပြီး သူ့ရဲ့ဂုဏ်သိက္ခာကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ခေါင်းဆောင်မှုပိုင်းဆိုင်ရာမှာ အမှားကြီးတစ်ခုဖြစ်သလို ကျွန်တော်တို့ လက်မခံသင့်တဲ့အရာပါ” လို့ အင်္ဂလိပ်လို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘင်ဖီကာဟာ လူမျိုးရေးခွဲခြားတဲ့ကလပ် မဟုတ်ဘူးဆိုတဲ့ သက်သေအဖြစ် အူဆီဘီယိုရဲ့ အမည်ကို အသုံးချခဲ့တဲ့အပေါ်မှာလည်း ကွန်ပနီက ဝေဖန်ခဲ့ပါတယ်။

မန်စီးတီးခေါင်းဆောင်ဟောင်း ကွန်ပနီက “၁၉၆၀ ပြည့်လွန်နှစ်တွေမှာ လူမည်းကစားသမားတွေ ဘာတွေရင်ဆိုင်ခဲ့ရလဲဆိုတာ ခင်ဗျားသိလား။ အူဆီဘီယို အဝေးကွင်းပွဲစဉ်တွေ သွားကစားတိုင်း မော်ရင်ညို အတူရှိနေခဲ့လို့လား။ အဲဒီခေတ်က သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက ဘာမှပြန်မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်နေပြီး လူတကာက ‘သူတကယ်တော်တာပဲ’ လို့ အသိအမှတ်ပြုလာအောင် တခြားသူတွေထက် ၁၀ ဆလောက် ပိုတော်အောင် ကြိုးစားခဲ့ရတာပါ။ အဲဒါ အူဆီဘီယိုရဲ့ ဘဝပဲ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

မော်ရင်ညိုကတော့ ဒီဝေဖန်မှုတွေကို တိုက်ရိုက်တုံ့ပြန်တာမျိုး မရှိသေးဘဲ သောကြာနေ့က ဘင်ဖီကာမီဒီယာနဲ့ တွေ့ဆုံမှုမှာ “ပွဲက ကဏ္ဍစုံမှာ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ၅၀ မိနစ်အထိတော့ နည်းစနစ်ပိုင်းရော လူကိုယ်တိုင်ပါ အားစိုက်ခဲ့ရတဲ့ ပွဲကောင်းတစ်ပွဲပါ။ ဒါပေမဲ့ ၅၁ မိနစ်ကနေ အခုအချိန်အထိ ဖြစ်ပျက်နေတာတွေကို စိတ်ခံစားချက်အရ ထိန်းချုပ်ဖို့ မလွယ်ကူဘူးဆိုတာ ဝန်ခံရပါမယ်” လို့ ပြောခဲ့ပါတယ်။

ကစားသမားဘဝတုန်းက လူမျိုးရေးခွဲခြားမှု ကြုံတွေ့ခဲ့ရဖူးတဲ့ ကွန်ပနီကတော့ ဗီနီစီးယပ်စ်ရဲ့ အောင်ပွဲခံပုံဟာ ပရက်စတီယာနီရဲ့ ပြောဆိုမှုတွေအပေါ် အဓိကအာရုံလွဲစရာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

မော်ရင်ညိုကိုယ်တိုင်လည်း အိုးလ်ထရက်ဖို့ဒ်မှာ ဒူးထောက်လျှောတိုက် အောင်ပွဲခံတာ၊ အင်တာမီလန်နဲ့ ဘာစီလိုနာပွဲမှာ အောင်ပွဲခံတာ၊ ရိုးမားနဲ့ ဆီဗီလာပွဲမှာ ဒိုင်ကို ရန်သူလို တိုက်ခိုက်လို့ ဒိုင်လူကြီး နိုင်ငံကနေ ထွက်ပြေးခဲ့ရတာတွေကို ကျွန်တော် တွေးနေမိပါတယ်။ မော်ရင်ညိုနဲ့ အလုပ်လုပ်ဖူးတဲ့ လူ ၁၀၀ လောက်ကို ကျွန်တော်သိပါတယ်။ ဘယ်သူမှ သူ့အကြောင်း မကောင်းမပြောဖူးပါဘူး။ သူက သူ့အသင်းအတွက် တိုက်ပွဲဝင်နေတာလို့ ကျွန်တော် နားလည်ပါတယ်။ သူဟာ လူဆိုးတစ်ယောက် မဟုတ်သလို သူ့ကစားသမားဟောင်းတွေကလည်း သူ့အပေါ် အကောင်းမြင်ကြပါတယ်။ ဒါပေမဲ့ အခု သူပြောလိုက်တာကတော့ အမှားတစ်ခုပါပဲ” လို့ ပြောပါတယ်။

တောင်အာဖရိက တိုက်စစ်မှူးဟောင်း ဘန်နီ မက္ကာသီကလည်း မော်ရင်ညိုအနေနဲ့ သူ့ရဲ့ မှားယွင်းတဲ့ မှတ်ချက်တွေအတွက် အမှားကိုဝန်ခံသင့်တယ်လို့ ဆိုပါတယ်။

မော်ရင်ညိုဟာ ဒီအခြေအနေကို ပိုကောင်းအောင် ကိုင်တွယ်နိုင်ခဲ့သင့်ပါတယ်။ ဒါဟာ စိတ်လှုပ်ရှားမှုကြောင့် မှားယွင်းသွားတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ သူဟာ အာဖရိက ကစားသမားတွေအပေါ် အရမ်းကောင်းတဲ့သူဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အခု သူပြောတာကတော့ တကယ်ကို မှားပါတယ်။ နောက်ပိုင်းမှာ သူအမှားကို ဝန်ခံလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လူမျိုးရေးခွဲခြားမှုတွေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရတဲ့ ဗီနီစီးယပ်စ်ကတော့ အင်စတာဂရမ်မှာ “လူမျိုးရေးခွဲခြားသူတွေဟာ အားလုံးထက် ပိုကြောက်တတ်တဲ့ လူဖျင်းတွေပဲ” လို့ ရေးသားခဲ့ပါတယ်။ ဘင်ဖီကာကတော့ ပရက်စတီယာနီဘက်ကနေ ကာကွယ်ပေးထားပြီး ဒါဟာ အသရေဖျက်မှုသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အသက် ၂၀ အရွယ် ပရက်စတီယာနီဟာ အပြစ်ရှိကြောင်းတွေ့ရှိပါက အနည်းဆုံး ၁၀ ပွဲ ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *