အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် သောမတ်စ် တူချယ် ဟာ လာမဲ့စနေနေ့ တန်ပါမြို့မှာ ကစားမဲ့ နယူးဇီလန် အသင်းနဲ့ ခြေစမ်းပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“စည်းမျဉ်းတွေ အပြောင်းအလဲ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ လာမဲ့အပတ်မှာ နောက်ထပ်အစည်းအဝေးတစ်ခု ရှိပါသေးတယ်။ အရင်ကလည်း အစည်းအဝေးတစ်ခု တက်ခဲ့ဖူးပေမဲ့ အရာအားလုံးကို မှန်မှန်ကန်ကန် နားလည်ခဲ့ရဲ့လားဆိုတာတော့ မသေချာဘူး။ စည်းမျဉ်းတွေက တော်တော်လေးကို များပြားလွန်းပါတယ်။ ကွင်းထဲက ဒိုင်လူကြီးတွေအနေနဲ့ ကိုယ်ပိုင်အမြင်နဲ့ ဆုံးဖြတ်ရမဲ့ အခြေအနေတွေ အများကြီးရှိလာနိုင်လို့ နည်းနည်းတော့ စိုးရိမ်မိတယ်။ ဒိုင်လူကြီးတွေအနေနဲ့ ကွင်းအတွင်းမှာ ထပ်တိုးဆုံးဖြတ်ချက်တွေ အများကြီး ချမှတ်ရတော့မှာကို ကျွန်တော် စိုးရိမ်မိတာပါ။
ဒီပြောင်းလဲမှုတွေက ကျွန်တော်တို့ကို ပိုပြီး ရှင်းလင်းပြတ်သားမှု ရှိစေမလားဆိုတာတော့ မသေချာပါဘူး။ ပိုပြီး ရှင်းလင်းပြတ်သားချင်တဲ့ ဆန္ဒကိုတော့ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမစတင်ခင် ဒီလောက်အထိ အချိန်တိုအတွင်းမှာ စည်းမျဉ်းတွေ ပြောင်းလဲလိုက်တာက အဆင်ပြေပါ့မလားဆိုတာ မသေချာဘူး။ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ကတော့ စည်းမျဉ်းတွေအတိုင်းပဲ ကစားသွားမှာပါ။
ပရီးမီးယားလိဂ် မှာ ထောင်ထောင့်ကန်ဘောတွေနဲ့ ပြစ်ဒဏ်ဘောတွေ ပေးတဲ့အခါ အခြားနိုင်ငံတွေထက်ပိုပြီး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ပြင်းထန်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒါက သဘာဝကျတဲ့ အရာတစ်ခုပါ။ ယူရိုပါလိဂ် နဲ့ ချန်ပီယံလိဂ် တွေမှာတော့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပုံစံက နည်းနည်း ကွဲပြားပါတယ်။ အဲ့ဒီအခါမှာတော့ အခြေအနေအတိုင်း လိုက်လျောညီထွေဖြစ်အောင် ကစားရမှာပါ။
ဘောလုံး မကန်ရသေးခင် ကြိုတင်ပိတ်ဆို့တာတွေ (Blocking) နဲ့ ပတ်သက်ရင်တော့ စောင့်ကြည့်ရဦးမှာပါ။ ဒါက ကျွန်တော်တို့အသင်းရဲ့ အားသာချက်တစ်ခုဖြစ်တာကြောင့် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ ဒါက ကစားကွက် ပုံစံတစ်ခုပဲဖြစ်ပြီး အသင်းတိုင်းလည်း ဒီလိုလုပ်ဖို့ ကြိုးစားကြမှာပါ။ ဒိုင်လူကြီးတွေအနေနဲ့ ဒီစည်းမျဉ်းကို အမြဲတမ်း တပြေးညီ ဆုံးဖြတ်ပေးနိုင်မဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လူတိုင်း မျှော်လင့်နေတာကလည်း ဒါပါပဲ – တပြေးညီ ဆုံးဖြတ်ပေးဖို့ပါပဲ။
စည်းမျဉ်းအသစ်တွေ ရှိနေတဲ့အခါ လူတိုင်းအတွက် ခက်ခဲနိုင်ပြီး ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ရှိလာဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အချိန်တိုအတွင်း ကမန်းကတန်း ဖြစ်သွားတဲ့အခါမျိုးမှာတော့ အမြဲတမ်း ရှင်းလင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို သေချာ အာရုံစိုက်ပြီး နားလည်အောင် လုပ်ဆောင်သွားမှာပါ” လို့ သောမတ်စ် တူချယ် က ဆိုပါတယ်။
Source : https://www.skysports.com/




