ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို သာ ရာထူးကနေ ဖယ်ရှားခံရရင် အတော်လေး လွဲမှားတဲ့အမှားကြီး ဖြစ်သွားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်ပါတယ်။
အင်ဖန်တီနို ရဲ့ ဘောလုံးစီးပွားရေးဆိုင်ရာ စီမံကိန်း (FFE) စာချုပ်သစ် ဖျက်သိမ်းခဲ့ရမှုကြောင့် ယူအီးအက်ဖ်အေ၊ ကွန်ကာကက်ဖ် နဲ့ အာရှဘောလုံးအဖွဲ့ချုပ် တို့က သူ့အပေါ် ယုံကြည်မှုပျက်ပြားခဲ့ရတယ်လို့ ပွင့်လင်းမြင်သာစွာ စွပ်စွဲပြစ်တင်ထားတဲ့ အဖွင့်ပေးစာ ထုတ်ပြန်ခဲ့ပြီးနောက် ထရမ့် က ခုလို ပါဝင်ထောက်ခံစကား ပြောကြားလာတာပါ။
ဒီ FFE စီမံကိန်းဟာ ကမ္ဘာ့ဖလား အပါအဝင် ဖီဖာ ရဲ့ ပြိုင်ပွဲပေါင်းစုံ စီးပွားရေးနဲ့ လက်မှတ်ရောင်းချခွင့်တွေကို စီမံခန့်ခွဲဖို့ ကုမ္ပဏီသစ်တစ်ခု ထူထောင်ပြီး ၎င်းရဲ့ ၂၁ ရာခိုင်နှုန်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းထံ ရောင်းချဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်က FFE အစီအစဉ်ပေါ်ထွက်လာပြီးနောက်ပိုင်း ထရမ့် အနေနဲ့ အင်ဖန်တီနို ဘက်ကနေ ပထမဆုံးအကြိမ် လူသိရှင်ကြား ကာကွယ်ပြောဆိုပေးလိုက်တာလည်း ဖြစ်ပါတယ်။
“ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို ကို အစားထိုးဖို့စဉ်းစားခဲ့ရင် ဒါဟာ ဖီဖာ အတွက် အလွန်တရာဆိုးရွားတဲ့ အမှားကြီး ဖြစ်သွားပါလိမ့်မယ်” လို့ ထရမ့် က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
“သူဟာ တကယ်ကို ပြောင်မြောက်တဲ့သူပါ။ သမိုင်းမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လေးဆမက ပိုမိုကြီးကျယ်အောင် ဦးဆောင်ကျင်းပပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူသာမရှိတော့ရင် ဘောလုံးလောကဟာ ဒီလောက်အထိ အောင်မြင်တော့မှာ မဟုတ်သလို အမြတ်အစွန်းလည်း ရတော့မှာ မဟုတ်ပါဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။
ယခုနှစ် နွေရာသီမှာ အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကို တို့ ပူးတွဲကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား မှာ အာဂျင်တီးနား ကို ဗိုလ်လုပွဲမှာ အနိုင်ရပြီး စပိန် အသင်းက ချန်ပီယံ ဖြစ်ခဲ့တာပါ။
ဇူလိုင် ၃၁ ရက်က FFE အဆိုပြုချက်နဲ့ပတ်သက်ပြီး ပထမဆုံး တုံ့ပြန်ပြောဆိုစဉ်တုန်းက ထရမ့် က ဒီအစီအစဉ်နဲ့ ပတ်သက်လို့ အင်ဖန်တီနို နဲ့ စကားပြောဆိုထားခြင်း မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
FFE ရင်းနှီးမြှုပ်နှံသူများ အဖွဲ့ကို Thrive Eternal က ဦးဆောင်မယ်လို့မျှော်လင့်ရပြီး ထို Thrive ကုမ္ပဏီဟာ ထရမ့် ရဲ့ သားမက် ဖြစ်သူ Jared ရဲ့ ညီ ဂျော့ရှူးဝါး ကက်ရှ်နား ထူထောင်ထားတဲ့ အမေရိကန် နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
Source : https://www.bbc.com/




