BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suga သည် ၎င်း၏ စစ်မှုထမ်းတာဝန်ကိုအောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်(၇)ဦးစလုံး ပြန်လည်ပေါင်းစည်းသွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့ပြင် Suga ၏ စစ်မှုထမ်းတာဝန်ပြီးဆုံးသည့်နေ့တွင် လူများပြည့်ကျပ်နေမည်ကို စိုးရိမ်သောကြောင့် မည်သည့်ပွဲကိုမှ မပြုလုပ်ခဲ့ကြောင်း BTS ၏အေဂျင်စီ Big Hit Entertainment က အစောပိုင်းတွင်ထုတ်ပြန်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် BTS ၏အခြားအဖွဲ့ဝင်များဖြစ်သော RM နှင့် V တို့က ၎င်းတို့၏ စစ်မှုထမ်းတာဝန်ကို အောင်မြင်စွာပြီးဆုံးခဲ့ပြီး ဂျီမင်းနှင့်ဂျောင်ကွတ်တို့က တစ်ရက်အကြာတွင် ၎င်းတို့၏စစ်မှုထမ်းတာဝန်ကို ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့လေးဦးစလုံးသည် (၂၀၂၃)ခုနှစ် ဒီဇင်ဘာလတွင် တောင်ကိုရီးယားစစ်တပ်၌ စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ BTS ၏အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်သော ဂျင်သည် (၂၀၂၄) ခုနှစ်ဇွန်လတွင် ၎င်း၏စစ်မှုထမ်းတာဝန်ကိုပြီးဆုံးခဲ့ပြီး J-Hope က (၂၀၂၄)ခုနှစ် အောက်တိုဘာလတွင် စစ်မှုထမ်းတာဝန်ကို ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် အသက်(၁၈)နှစ်ပြည့်ပြီးသည့်အမျိုးသားတိုင်းသည် စစ်မှုထမ်းဥပဒေအရ အချိန် (၁၈) လ မှ (၂၁)လ အထိ စစ်တပ်တွင် တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်းလည်း သိရသည်။
Source : m.kwnews.co.kr