မာဗယ်မင်းသမီး အဲလိဇဘက် အိုဆင် ပထမဆုံး ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်

အဲလိဇဘက် အိုဆင် ကိုယ်ဝန်

Marvel Cinematic Universe (MCU) ရဲ့ ဇာတ်ကောင် Wanda Maximoff သို့မဟုတ် Scarlet Witch အဖြစ် လူသိများတဲ့ မင်းသမီး Elizabeth Olsen ဟာ ခင်ပွန်းဖြစ်သူ Robbie Arnett နဲ့အတူ ပထမဆုံး ရင်သွေးလေးကို လွယ်ထားရပြီလို့ သိရပါတယ်။

ဇွန်လ ၁၃ ရက် စနေနေ့က အသက် ၃၇ နှစ်အရွယ် မင်းသမီး Elizabeth Olsen ကို Los Angeles မှာ နေ့လယ်စာ စားဖို့ ထွက်လာစဉ် ကိုယ်ဝန်ဗိုက်အဖုအထွက်နဲ့ တွေ့ရှိခဲ့ရကြောင်း People မဂ္ဂဇင်း အပါအဝင် နိုင်ငံတကာ ဖျော်ဖြေရေး သတင်းဌာန အမြောက်အမြားက ဖော်ပြခဲ့ကြပါတယ်။ ယခုလို ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာ လအနည်းငယ် ရှိနေပြီဖြစ်ပေမဲ့ အခုအချိန်အထိ မင်းသမီးဘက်ကတော့ လူသိရှင်ကြား အတည်ပြုပြောဆိုခြင်း မရှိသေးပါဘူး။

Elizabeth Olsen ဟာ MCU ရဲ့ Scarlet Witch ဇာတ်ကောင်နဲ့တင် အကြီးအကျယ် အောင်မြင်ကျော်ကြားလာခဲ့တာ ဖြစ်ပြီး “Avengers: Age of Ultron”“Avengers: Infinity War” နဲ့ “Avengers: Endgame” စတဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Disney+ ရဲ့ စီးရီးတစ်ခုဖြစ်တဲ့ “WandaVision” ထဲက သူမရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့သလို Emmy နဲ့ Golden Globe ဆုတွေအတွက်ပါ ဆုဇကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်

Marvel လောကထဲ မဝင်ရောက်ခင် ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ စိတ်ပညာသည်းထိတ်ရင်ဖို ရုပ်ရှင် “Martha Marcy May Marlene” မှာလည်း ပရိသတ်သတိထားမိစေမဲ့ သရုပ်ဆောင်မှုမျိုး ပြသနိုင်ခဲ့ပါတယ်။ ၎င်းအပြင် “Sorry for Your Loss”“Love & Death”“His Three Daughters” နဲ့ “Eternity” စတဲ့ ရုပ်ရှင်နဲ့ စီးရီးတွေမှာလည်း ပါဝင် အားဖြည့်ခဲ့ပါသေးတယ်

သူမဟာ နာမည်ကျော် ကလေးသရုပ်ဆောင်ဟောင်းတွေနဲ့ ဖက်ရှင်လုပ်ငန်းရှင်တွေ ဖြစ်ကြတဲ့ Mary-Kate Olsen နဲ့ Ashley Olsen တို့ရဲ့ ညီမအငယ်ဆုံးလည်း ဖြစ်ပါတယ်။ ဒီ Marvel မင်းသမီးဟာ Milo Greene တေးဂီတအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Robbie Arnett နဲ့ Mexico မှာ အပန်းဖြေခရီးထွက်ရင်း ဆုံတွေ့ခဲ့ကြပြီးနောက် ၂၀၁၇ ခုနှစ်ကတည်းက တွဲခဲ့ကြတာပါ။

သူတို့စုံတွဲဟာ ၂၀၁၉ ခုနှစ်မှာ စေ့စပ်ခဲ့ကြပြီး COVID-19 ကပ်ရောဂါ မတိုင်ခင်မှာပဲ တိတ်တဆိတ် လက်ထပ်ခဲ့ကြတာဖြစ်ကြောင်း နောက်ပိုင်း အင်တာဗျူးတွေမှာ Elizabeth Olsen က အတည်ပြုခဲ့ပါတယ်။ Robbie Arnett နဲ့ မတွေ့ဆုံခင်ကတော့ မင်းသမီးဟာ မင်းသား Boyd Holbrook နဲ့ ၃ နှစ်ကြာ တွဲခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ စေ့စပ်မှုကို လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

Source : https://entertainment.inquirer.net/

Leave a Reply

Your email address will not be published. Required fields are marked *