တေလာဆွစ်ဖ်ရဲ့ ၁၃ ခုမြောက်အယ်လ်ဘမ် အရိပ်အမြွက်တွေကို ပရိသတ်တွေ ဘာကြောင့် အပိုင်တွက်နေကြတာလဲ

တေလာဆွစ်ဖ်ရဲ့ အယ်လ်ဘမ်သစ်

တေလာဆွစ်ဖ် ရဲ့ ပရိသတ်တွေကတော့ သူမရဲ့ ၁၃ ခုမြောက်အယ်လ်ဘမ်နဲ့ ပတ်သက်တဲ့ အရိပ်အမြွက်တွေဟာ လူမြင်ကွင်းမှာတင် ထင်ထင်ရှားရှား ထွက်ပေါ်နေပြီလို့ အပိုင်တွက်နေကြပါတယ်။

သူမရဲ့ ၁၂ ခုမြောက် အယ်လ်ဘမ်ဖြစ်တဲ့ The Life of a Showgirl ကို ဖြန့်ချိခဲ့တာ ၁ နှစ်တောင် မပြည့်သေးခင်မှာပဲ တေလာဆွစ်ဖ် ရဲ့ နောက်ဆုံးထွက် ဖက်ရှင်ရွေးချယ်မှုတွေနဲ့ လက်ဝတ်ရတနာတွေက နောက်ထပ် ဘာတွေလာဦးမလဲဆိုတဲ့အပေါ် သီအိုရီအသစ်တွေကို လှုံ့ဆော်ပေးနေခဲ့တာပါ။

ဒါဟာ အဆိုတော်မလေးက သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အထူးတလည် အဓိပ္ပာယ်ရှိလှတဲ့ TS13 အယ်လ်ဘမ်အတွက် တိတ်တဆိတ် စင်တင်ပြင်ဆင်နေတာလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ တေလာဆွစ်ဖ် ရဲ့ မကြာသေးမီက စတိုင်လ်ရွေးချယ်မှုတွေဟာ TS13 ရဲ့ Easter Eggs (လျှို့ဝှက်ချက်) တွေ ဖြစ်နေနိုင်မလား။

လွန်ခဲ့တဲ့ ပတ်အနည်းငယ်အတွင်းမှာပဲ ပရိသတ်တွေဟာ လန်ဒန် နဲ့ နယူးယောက် မြို့တွေမှာ သွားလာလှုပ်ရှားနေတဲ့ တေလာဆွစ်ဖ် ရဲ့ အဖြူအမည်း ဝတ်စုံတွေကို သေချာ စောင့်ကြည့်ခဲ့ကြပါတယ်။ မေလ ၈ ရက်နေ့တုန်းက သူမဟာ စေ့စပ်ထားသူ ထရက်ဗစ် ကယ်လ်ဆီ နဲ့အတူ အနက်ရောင် ဇာဂါဝန်၊ သားရေဂျာကင်တို့ ဝတ်ဆင်ပြီး လန်ဒန် မှာ ထွက်လာခဲ့ပါတယ်

ရက်အနည်းငယ်အကြာမှာတော့ သူမဟာ နယူးယောက် မှာရှိတဲ့ မိသားစုနဲ့အတူ ညစာစားဖို့အတွက် ငွေရောင်အလှဆင်ထားတဲ့ အနက်ရောင် ဂါဝန်တိုလေးကို ဝတ်ဆင်ခဲ့ပြီး နောက်ထပ် ပွဲထွက်မှုတစ်ခုမှာတော့ အနက်ရောင် အသုံးအဆောင်ပစ္စည်းတွေနဲ့ တွဲဖက်ထားတဲ့ အဖြူရောင် ချည်သားဂါဝန်ကို ဝတ်ဆင်ခဲ့ပြန်ပါတယ်။ နှစ်ရက်အကြာမှာတော့ သူမဟာ စတယ်လာ မက္ကတ်နီ ရဲ့ အနက်ရောင် ခါးပတ်ပါတဲ့ အဖြူရောင် ပက်ပလန်အင်္ကျီနဲ့အတူ ဒီရိုး ရဲ့ ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ခဲ့ပါတယ်

ဒီလို အမြဲတမ်းတူညီနေတဲ့ အရောင်စပ်ဟန်က တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာလို့ ဆွစ်ဖ်တီး (တေလာဆွစ်ဖ် ပရိသတ်များ) တချို့က ယုံကြည်နေကြပါတယ်။

“တေလာဆွစ်ဖ် က အဝတ်အစား ပုံစံတွေကို တစ်သမတ်တည်း ပြသလာပြီဆိုရင် ဒါဟာ ခေတ်သစ်တစ်ခုကို ကူးပြောင်းတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ” လို့ ပရိသတ်တစ်ဦးက X (တွစ်တာ) ပေါ်မှာ ရေးသားခဲ့ပြီး အခြားသူတွေကလည်း ဒီပုံစံဟာ TS13 ရဲ့ ရုပ်ထွက်ပိုင်းဆိုင်ရာ ဦးတည်ချက်ကို အရိပ်အမြွက်ပြနေတာလို့ တွေးဆနေကြပါတယ်။

ဒါပေမဲ့ အချို့သော ပရိသတ်တွေကတော့ ဒီထက်ပိုပြီး ရိုးရှင်းတဲ့ ရှင်းလင်းချက်တစ်ခု ရှိနိုင်တယ်လို့ ထင်ကြပါတယ်။ အဲဒါကတော့ တေလာဆွစ်ဖ် ဟာ ထရက်ဗစ် ကယ်လ်ဆီ နဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး မင်္ဂလာဆောင်ဝတ်စုံပုံစံ ဖက်ရှင်ရွေးချယ်မှုတွေကို ပိုပြီး သဘောကျနေတာလည်း ဖြစ်နိုင်ပါတယ်။

မေလ ၁၆ ရက်နေ့မှာ တေလာဆွစ်ဖ် နဲ့ ထရက်ဗစ် ကယ်လ်ဆီ တို့ဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့ပြီးတဲ့နောက် ဒီသီအိုရီတွေဟာ ပိုပြီး အရှိန်အဟုန်ပြင်းလာခဲ့ပါတယ်။ ပရိသတ်တွေက သူမရဲ့ တွဲလွဲဆွဲနားကပ်တွေကို အမြန်ပဲ Zoom ချဲ့ကြည့်ခဲ့ကြပြီး နားကပ်တစ်ခုစီမှာ ကျောက်မျက် ၁၃ လုံးစီ ပါဝင်နေတာကို ထောက်ပြခဲ့ကြပါတယ်။ ဒါဟာ သူမရဲ့ နောက်ထပ် အယ်လ်ဘမ်သစ်ကို ရည်ညွှန်းနေတာလို့ အများစုက ကောက်ချက်ချခဲ့ကြတာပါ။

“သူမ ကျောက်မျက် ၁၃ လုံးပါတဲ့ နားကပ်ကို တမင်သက်သက်မဟုတ်ဘဲ ဝတ်ဆင်လာစရာ အကြောင်းကို မရှိတာ” လို့ ပရိသတ်တစ်ဦးက X ပေါ်မှာ ရေးသားခဲ့ပါတယ်။ အခြားပရိသတ်တွေကလည်း တေလာဆွစ်ဖ် ဟာ သူမရဲ့ ၁၂ ခုမြောက် အယ်လ်ဘမ်ဖြစ်တဲ့ The Life of a Showgirl ကို မကြေညာခင် လပိုင်းအလို ၂၀၂၅ ဂရမ်မီဆုပေးပွဲ တုန်းက ကျောက်မျက် ၁၂ လုံးပါတဲ့ ပတ္တမြားနားကပ်ကို ဝတ်ဆင်ခဲ့ဖူးတာကို ထောက်ပြခဲ့ကြပါတယ်။

Source : https://www.msn.com/

Leave a Reply

Your email address will not be published. Required fields are marked *