မိုက်ကယ် ကာရစ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြန်လည်ရောက်ရှိလာကတည်းက အချိန်တိုင်းကို သဘောကျနှစ်သက်နေပြီး အသင်းကို တာဝန်ယူခဲ့ရတဲ့ ပထမဆုံး ပြင်းထန်တဲ့ လေးလတာကာလအပြီးမှာ အနားယူဖို့ မလိုအပ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ရူဘင် အာမိုရင် အသင်းကနေ အငြင်းပွားဖွယ် လမ်းခွဲခဲ့ပြီးနောက်ပိုင်း ရာသီလက်ကျန်ကာလအတွက် မန်ယူ အသင်းကို စတင်တာဝန်ယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ရဲဒ်ဒဲဗစ် တို့ရဲ့ ကံကြမ္မာကို အကောင်းဘက်သို့ ပြောင်းလဲပေးနိုင်ခဲ့တာကြောင့် မျှော်လင့်ထားတာထက်ကို ပိုပြီး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။
ကာရစ် ဟာ မန်ယူ အသင်းကို အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း တနင်္ဂနွေနေ့မှာ ကစားမဲ့ ဘရိုက်တန် နဲ့ ရာသီပိတ်ပွဲစဉ်မတိုင်ခင် အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ ရှိနေမဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့တာပါ။
ကွင်းလယ်လူဟောင်းဖြစ်တဲ့ ကာရစ် ကတော့ သူ့ရဲ့ကစားသမားတွေအနေနဲ့ အမက်စ်ကွင်း ထဲမှာ စိတ်ပိုင်းဆိုင်ရာ အားလပ်ရက်ရောက်နေသလိုမျိုး လျှော့ကစားမှာမဟုတ်ဘူးလို့ အခိုင်အမာဆိုထားပြီး မုန်တိုင်းထန်ခဲ့တဲ့ ၁၈ ပတ်တာ ကာလအပြီးမှာ သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ အနားယူဖို့ မလိုအပ်ဘူးလို့ ပြောပါတယ်။
ကာရစ် က သူ့ရဲ့ကလေးတွေဟာ A-levels နဲ့ GCSEs စာမေးပွဲတွေ ရှိနေတာကြောင့် အားလပ်ရက်ခရီးစဉ်မသွားရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ကာလတစ်ခုအပြီးမှာ အနားယူဖို့ လိုအပ်ပါသလားလို့ မေးမြန်းတဲ့အခါမှာတော့ သူက “အမှန်အတိုင်းပြောရရင် မလိုပါဘူး။ ကျွန်တော် နေလို့ကောင်းပါတယ်။
အလုပ်လုပ်ရတဲ့ ပုံစံခွင်ထဲမှာ အသားကျသွားပြီလို့ ထင်ပါတယ်။ လူတိုင်းမှာတော့ မတူညီတဲ့ အလုပ်လုပ်ချိန်တွေ ရှိကြမှာပါ။ အချို့ကလည်း ကျွန်တော့်ထက် ပိုပြီး အလုပ်လုပ်ရတာမျိုးတွေ ရှိမှာပေါ့။
ဒါပေမဲ့ ဒါကို ခင်ဗျားတို့ ကျင့်သားရသွားပြီး အလုပ်ထဲမှာ စီးမျောသွားပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီအလုပ်ကို သဘောကျပါတယ်။ အချိန်တိုင်းကို သဘောကျနှစ်သက်ခဲ့တာကြောင့် အနားယူဖို့ လိုအပ်တယ်လို့ လုံးဝမခံစားရပါဘူး” လို့ ဖြေကြားသွားခဲ့ပါတယ်။
ချန်ပီယံလိဂ်အတွက် အသင်းကို အင်အားဖြည့်တင်းရမှာဖြစ်သလို ကတ်စီမီရို လမ်းခွဲသွားတဲ့အတွက် အာရုံစိုက်ရမဲ့ ကွင်းလယ်ပိုင်းလို နေရာမျိုးတွေရှိနေတာကြောင့် လာမဲ့နွေရာသီ အပြောင်းအလဲကာလမှာ ကာရစ် အနေနဲ့ ဒီစွမ်းအင်နဲ့ အာရုံစိုက်မှုတွေကို အသုံးချရတော့မှာပါ။
အက်တလန်တာ ကွင်းလယ်လူ အီဒါဆင် ကို ပထမဆုံးခေါ်ယူမှုအဖြစ် ပြုလုပ်နိုင်ခြေရှိတဲ့ ကာရစ် က “ဘောလုံးကလပ်တစ်ခုအနေနဲ့ အမြဲတမ်း ရှေ့ဆက်လျှောက်လှမ်းချင်ကြတာပါ။ ကျွန်တော်တို့အသင်းကလည်း ရှေ့ကိုပဲ ဆက်သွားချင်ပါတယ်။
ကျွန်တော်တို့ အခုရောက်နေတဲ့ အဆင့်၊ ဦးတည်ချက်ရဲ့ ဟန်ချက်ညီမှု၊ ပြီးတော့ အမှတ်ပေးဇယားမှာ အဆုံးသတ်နိုင်ခဲ့တဲ့ နေရာတွေကို အားလုံးက အသိအမှတ်ပြုကြမယ် ထင်ပါတယ်။
ဒါပေမဲ့ လုပ်စရာ အလုပ်တွေကတော့ ရှိနေပါသေးတယ်။ ကစားသမားတချို့ အသင်းကနေ ထွက်ခွာသွားတာကြောင့် လုပ်စရာ အလုပ်တွေ ရှိနေတယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း သိသာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
Source : https://www.skysports.com/




