၂၀၂၆ ကမ္ဘာ့ဖလားအတွက် နည်းပြ သောမတ်စ် တူချယ် ရွေးချယ်မဲ့ အင်္ဂလန် အသင်းလူစာရင်းကနေ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟာရီ မက်ဂွါရီ ချန်လှပ်ခြင်းခံခဲ့ရပြီး ဒါဟာ သူ့အတွက် တကယ့်ကို အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ရဲ့ အင်္ဂလန် လူစာရင်းကနေ ချန်လှပ်ခံလိုက်ရရလို့ တကယ့်ကို “အံ့အားသင့်ပြီး စိတ်ပျက်မိတယ်” လို့ ဟာရီ မက်ဂွါရီ က ဖွင့်ဟခဲ့ပါတယ်။ နည်းပြ သောမတ်စ် တူချယ် ဟာ ကစားသမား ၂၆ ဦးပါဝင်မဲ့ နောက်ဆုံးလူစာရင်းကို သောကြာနေ့မှာ တရားဝင်ကြေညာမှာဖြစ်ပေမဲ့ ဟာရီ မက်ဂွါရီ ကတော့ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အကြောင်းကို ကြာသပတေးနေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အသိပေးခဲ့တာပါ။
ဟာရီ မက်ဂွါရီ ဟာ အင်္ဂလန် အသင်းအတွက် ၆၆ ပွဲအထိ ကစားပေးထားသူဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လက ဂျပန် အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့သလို လက်ပတ်ပတ်ပြီး အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့ပါသေးတယ်။
ဒီဗဟိုနောက်ခံလူဟာ သုံးခြင်္သေ့တို့နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၁၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၈ မှာ စတုတ္ထနေရာ၊ ၂၀၂၂ မှာတော့ ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ပီတာ ရှီလ်တန် (၁၇ ပွဲ)၊ ဘော်ဘီ မိုး၊ ဘော်ဘီ ချာလ်တန်၊ အက်ရှ်လေ ကိုးလ်၊ တယ်ရီ ဘတ်ချာ (အားလုံး ၁၄ ပွဲစီ) နဲ့ ဒေးဗစ် ဘက်ခမ်း (၁၃ ပွဲ) တို့ရဲ့နောက်မှာ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပွဲထွက်ခွင့် အများဆုံးရခဲ့တဲ့ ခုနစ်ဦးမြောက် ကစားသမားလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဟာရီ မက်ဂွါရီ ဟာ ယာယီနည်းပြ မိုက်ကယ် ကာရစ် လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ခြေစွမ်းပြန်တက်လာဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေသူပါ။ ယာယီနည်းပြသစ် ခန့်အပ်ခံရပြီးကတည်းက ဟာရီ မက်ဂွါရီ ဟာ ယူနိုက်တက် ကစားသမားတွေထဲမှာ ဒုတိယအများဆုံးအဖြစ် ဖျက်ထုတ်မှု ၈၀ ကြိမ်၊ လေထဲက ဘောလုံးယှဉ်လုမှု အများဆုံးအဖြစ် ၄၃ ကြိမ်နဲ့ တတိယအများဆုံးအဖြစ် ဘောလုံးလုယူမှု ၁၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
ဟာရီ မက်ဂွါရီ က သူ့ရဲ့ လူမှုကွန်ရက်မှာ “ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ရာသီအပြီးမှာ ဒီနွေရာသီမှာ နိုင်ငံအသင်းအတွက် အဓိကနေရာကနေ ကူညီပေးနိုင်မယ်လို့ ယုံကြည်ချက်အပြည့် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလို ချန်လှပ်ခံလိုက်ရတဲ့ ဆုံးဖြတ်ချက်ကြောင့် တကယ့်ကို အံ့အားသင့်ပြီး စိတ်ပျက်မိပါတယ်။ နှစ်တွေအကြာကြီး ဒီနိုင်ငံအသင်း အင်္ကျီကိုဝတ်ဆင်ပြီး တိုင်းပြည်ကိုယ်စားပြုခွင့်ရခဲ့တာကိုပဲ အလွန်ဂုဏ်ယူပါတယ်။ ကစားသမားတွေအားလုံး ဒီနွေရာသီမှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ရေးသားခဲ့ပါတယ်။
အစီရင်ခံစာတွေအရ ဒူးအရွတ်ပြတ် (ACL) ဒဏ်ရာကနေ ပြန်လာပြီးနောက် ဒီရာသီမှာ ချဲလ်ဆီး အသင်းအတွက် ၃ ပွဲပဲ ကစားရသေးတဲ့ လေဗီ ကိုးဝဲလ် ကတော့ လူစာရင်းထဲမှာ ပါဝင်လာဖို့ ရှိနေပါတယ်။ ဒါပေမဲ့ နောက်ခံလူတွေဖြစ်တဲ့ ဖီကာယို တိုမိုရီ နဲ့ လုခ် ရှော တို့ကတော့ မန်ချက်စတာ စီးတီး တိုက်စစ်ကစားသမား ဖီးလ် ဖိုဒန် နဲ့အတူ လူစာရင်းကို လွဲချော်ရတော့မှာပါ။ အင်္ဂလန်အသင်းဟာ ဇွန် ၁၇ ရက်နေ့မှာ အုပ်စု (L) ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ခရိုအေးရှား အသင်းနဲ့ စတင်ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက် ဂါနာ၊ ပနားမား အသင်းတို့နဲ့ ဆက်လက်ကစားရမှာဖြစ်ပါတယ်။
I was confident I could of played a major part this summer for my country after the season I’ve had. I’ve been left shocked and gutted by the decision.
— Harry Maguire (@HarryMaguire93) May 21, 2026
I’ve loved nothing more than putting that shirt on and representing my country over the years.
I wish the players, all the… pic.twitter.com/9X7asAkCFF
Source : https://www.beinsports.com/




