နေမာ အပေါ် တာဝန်တွေပုံချလွန်းတာက ဘရာဇီးလ်ရဲ့ ကမ္ဘာ့ဖလားအိမ်မက်ကို ထိခိုက်စေခဲ့ကြောင်း ကာဖူး ပြောကြား

နေမာနှင့် ဘရာဇီးလ်အသင်း

ဘရာဇီးလ် ဂန္ထဝင်ကစားသမား ကာဖူး က ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အမျိုးသားအသင်းမှာ နေမာ ဟာ တာဝန်တွေကို အလွန်အကျွံ ထမ်းပိုးခဲ့ရပြီး ဒါက နိုင်ငံရဲ့ ဆဋ္ဌမမြောက် ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်မဲ့ မျှော်လင့်ချက်ကို ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူးဟောင်း နေမာ အနားမှာ ကမ္ဘာ့အဆင့်မီ ဝန်းရံပံ့ပိုးပေးမဲ့သူတွေ ဘရာဇီးလ် အသင်းဘက်က လုံလုံလောက်လောက် မဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း အသင်းခေါင်းဆောင်ဟောင်းက ထောက်ပြခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ကတည်းက အသင်းရဲ့ အဓိကကြယ်ပွင့်အဖြစ် ပေါ်ထွက်လာခဲ့တဲ့ ဒီတိုက်စစ်မှူးကို ဖိအားတွေကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်

“ကျွန်တော် ရိုဘတ်တို ကားလော့စ် နဲ့ စကားပြောဖြစ်တော့ ဒီကောင်လေး တစ်ယောက်တည်းဖြစ်နေတာ တကယ့်ကို နှမြောဖို့ကောင်းတယ်လို့ ပြောခဲ့မိတယ်” လို့ ကာဖူး က ESPN ကို ပြောကြားခဲ့ပါတယ်။

“သူဟာ ၁၅ နှစ်လုံးလုံး အရာရာတိုင်းကို လုပ်ဆောင်ရမဲ့ တာဝန်ဝတ္တရားတွေနဲ့ အချိန်ကုန်ဆုံးခဲ့ရပြီး ဒါကို တစ်ယောက်တည်း လုပ်နေလို့တော့ မထူးခြားနိုင်ပါဘူး။ အမျိုးသားအသင်းအကြောင်း ပြောမယ်ဆိုရင် တာဝန်ယူမှုတွေကို အတူတူ ခွဲဝေယူကြရမှာပါ” လို့ သူက ဆက်ပြောပါတယ်

ကာဖူး က လက်ရှိခေတ်ကာလကို အသင်းလိုက် စုပေါင်းပြီး ပွဲရလဒ်တွေကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိတဲ့ အနိုင်ရကစားသမားတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ အရင်က ဘရာဇီးလ် အသင်းတွေနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်

“၂၀၀၂ တုန်းကဆိုရင် ကျွန်တော်တို့အသင်းမှာ ပွဲစဉ်တိုင်းရဲ့ အကောင်းဆုံးကစားသမားဆု ရတဲ့သူက တစ်ယောက်မှ မထပ်ခဲ့ဘူး” လို့ သူက ဆက်လက်ပြောဆိုပါတယ်

“တကယ်လို့ နေမာ သာ ကျွန်တော်တို့ ၂၀၀၂ တုန်းကရခဲ့တဲ့ ပံ့ပိုးမှုမျိုး ရခဲ့မယ်ဆိုရင် ပွဲတိုင်းမှာ သူက အကောင်းဆုံးကစားသမား ဖြစ်နေဖို့တောင် မလိုပါဘူး။ စိတ်မကောင်းစရာကတော့ ကျွန်တော်တို့ဟာ နေမာ ကို အကြာကြီး တစ်ယောက်တည်း ပစ်ထားခဲ့ပြီး သူ့အပေါ်မှာပဲ အရာရာအားလုံး ပုံချခဲ့ကြတာပါ” လို့ သူက ဆိုပါတယ်

Source : https://www.tribalfootball.com/

Leave a Reply

Your email address will not be published. Required fields are marked *