နည်းပြ ပက် ဂွါဒီယိုလာ ထွက်ခွာမည့် သတင်းဆိုးနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်ထံ လက်လွှတ်လိုက်ရသည့် မန်စီးတီး

ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်ထံ လက်လွှတ်လိုက်ရသည့် မန်စီးတီး

မန်ချက်စတာစီးတီး အသင်းရဲ့ ကမ္ဘာကြီးဟာ နည်းပြ ပက် ဂွါဒီယိုလာ မကြာခင်မှာ ထွက်ခွာတော့မယ်ဆိုတဲ့ မမျှော်လင့်ထားတဲ့ သတင်းဆိုး ထွက်ပေါ်လာပြီးနောက် ၂၄ နာရီအတွင်းမှာပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ လက်လွှတ်လိုက်ရလို့ ပျက်စီးသွားခဲ့ရပါတယ်။

စပိန်လူမျိုးနည်းပြကြီးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မန်စီးတီး ပရိသတ်တိုင်း စိုးရိမ်နေကြတဲ့ သတင်းခေါင်းစဉ်တွေဟာ တနင်္လာနေ့ညပိုင်းမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး၊ အင်္ဂါနေ့မှာတော့ သူတို့အသင်းဟာ ဘုန်းမောက် နဲ့ ၁-၁ သရေကျခဲ့လို့ အာဆင်နယ် အသင်းဟာ ၂၂ နှစ်တာ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံဆုကို ပွဲချန် ၁ ပွဲအလို၊ ၄ မှတ်အသာနဲ့ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာ ကတော့ ဥက္ကဋ္ဌ ခါဒွန်း အယ်လ် မူဘာရက် နဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချမယ်လို့ အခိုင်အမာ ပြောဆိုထားပေမဲ့ အသင်းနဲ့အတူ ဆုဖလားတွေ အများကြီးရယူပေးခဲ့တဲ့ သူ့ရဲ့ ၁၀ စုနှစ်တစ်ခုစာ သက်တမ်းကို အဆုံးသတ်တော့မယ်လို့ လူတိုင်းက မျှော်လင့်နေကြပြီး သူ့နေရာကို ဆက်ခံဖို့ အန်ဇို မာရက်စကာ က အသင့်ဖြစ်နေပါတယ်။

လာမဲ့တနင်္ဂနွေနေ့ အက်စတွန်ဗီလာ နဲ့ ရင်ဆိုင်ရမဲ့ ရာသီပိတ်ပွဲစဉ်မတိုင်ခင် ဂွါဒီယိုလာ က Sky Sports ကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်မှာ စာချုပ်သက်တမ်း ၁ နှစ် ကျန်သေးတယ်လို့ ပြောလို့ရသလို၊ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ဆွေးနွေးမှုတွေအရလည်း ကျွန်တော့်အတွေ့အကြုံအရ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေတုန်း ဘယ်လိုကြေညာချက်မျိုးပဲဖြစ်ဖြစ် ထုတ်ပြန်လိုက်ရင် ရလဒ်တွေ အရမ်း ဆိုးရွားသွားတတ်ပါတယ်။ အားလုံး နားလည်ထားတဲ့အတိုင်း ကျွန်တော် ပထမဆုံး စကားပြောရမဲ့သူက ဥက္ကဋ္ဌ ပါ။ ဘာလို့လဲဆိုတော့ ရာသီကုန်ရင် ထိုင်ပြီးစကားပြောကြမယ်လို့ နှစ်ယောက်လုံး ဆုံးဖြတ်ထားလို့ပါ။ ဒါက အရိုးရှင်းဆုံးပါပဲ၊ အဲဒီနောက်မှ ဆုံးဖြတ်ချက်တစ်ခု ချသွားမှာပါ”

ဒီရာသီမှာ မန်စီးတီး အသင်းကို ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလား အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးထားတဲ့ အသက် ၅၅ နှစ်အရွယ် နည်းပြကြီးက

“နားထောင်ပါ၊ ကျွန်တော့်မှာ စာချုပ်သက်တမ်း ၁ နှစ် ကျန်ပါသေးတယ်။ ဆုံးဖြတ်ချက်ကိုတော့ ဒီနေရာမှာ ပြောပြမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဥက္ကဋ္ဌ၊ ကစားသမားတွေ၊ အဖွဲ့သားတွေနဲ့ အရင် စကားပြောရဦးမှာမလို့ပါ။ ကျွန်တော်တို့ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ပရီးမီးယားလိဂ်တို့အတွက် ကစားနေရချိန်မှာ ကျွန်တော့်စိတ်ထဲမှာ အသင်းကို အမြင့်ဆုံးနေရာ ရောက်အောင် ပို့ပေးဖို့ပဲ အာရုံစိုက်ထားခဲ့တာဖြစ်ပြီး ဒါကိုလည်း ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီရာသီတစ်ခုလုံးနီးပါး ပရီးမီးယားလိဂ်ကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး၊ ဂွါဒီယိုလာ ရဲ့ တပည့်ရင်းဖြစ်သလို မန်စီးတီး ရဲ့ လက်ထောက်နည်းပြဟောင်းလည်းဖြစ်တဲ့ မီခေးလ် အာတီတာ က ၂၀၀၄ ခုနှစ် အာဆင်ဝင်းဂါး ရဲ့ ရှုံးပွဲမရှိအသင်းအပြီး ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ လာမဲ့ မေလ ၃၀ ရက်နေ့မှာ ပီအက်စ်ဂျီ အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲလည်း ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး၊ သဘောထားပြည့်ဝတဲ့ ဂွါဒီယိုလာ က “မန်စီးတီး ကိုယ်စား အာဆင်နယ် အသင်း၊ မီခေးလ် နဲ့ အဖွဲ့သားအားလုံးကို သူတို့နဲ့ ထိုက်တန်တဲ့ ပရီးမီးယားလိဂ်ဖလား ရရှိသွားတဲ့အတွက် ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ သူ အများကြီး ကြိုးစားအားထုတ်ခဲ့တာပါ။ သူ့အတွက် ဂုဏ်ယူပါတယ်” လို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *