အတ္တလန်တာ ကွင်းကြီးအတွင်းမှာ ပွဲသိမ်းခရာမှုတ်သံ ထွက်ပေါ်လာတဲ့အချိန်မှာတော့ ကင်မရာတွေအားလုံးက ကိတ်ဗာဒီ အသင်းရဲ့ ဂိုးသမား ဗိုဇင်ညာ ဆီကို အလိုအလျောက် ရောက်ရှိသွားခဲ့ကြပါတယ်။
ကမ္ဘာ့ဖလား ရေပန်းအစားဆုံး စပိန် အသင်းနဲ့ ၀-၀ ရလဒ်နဲ့ သရေကျပြီးနောက်မှာတော့ သူ အခုတင်ဆွတ်ခူးလိုက်နိုင်တဲ့ အောင်မြင်မှုရဲ့ ကြီးမားပုံကိုခံစားမိပြီး အသက် ၄၀ အရွယ် ဂိုးသမားကြီးရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့ပါတယ်။
၉၀ မိနစ်လုံးလုံး မနားတမ်း ဆူညံစွာအားပေးပြီး အသင်းကိုပံ့ပိုးပေးခဲ့ကြတဲ့ ထောင်ပေါင်းများစွာသော ကိတ်ဗာဒီ ပရိသတ်တွေဟာလည်း ကွင်းအတွင်းအောင်ပွဲခံခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ဖက်လှဲတကင်း ကခုန်ရင်း ဒီရလဒ်ကို အတူတူ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါတယ်။
ကွင်းထဲကကစားသမားတွေဟာလည်း အတိုင်းထက်အလွန် ဝမ်းသာအားရဖြစ်ပြီး တစ်ယောက်ဆီတစ်ယောက် ပြေးသွားခဲ့ကြပါတယ်။ ဘယ်ဘက်ကမှ မပါတဲ့ ပရိသတ်တွေတောင် ဒီပွဲရဲ့ အငွေ့အသက်ထဲမှာ မျောပါသွားခဲ့ပြီး ပွဲအပြီးမှာ အတူတူ လိုက်လံအောင်ပွဲခံခဲ့ကြတာပါ။
ဥရောပချန်ပီယံ စပိန် အသင်းကို ရင်ဆိုင်ရာမှာ ဝါရင့်ဂိုးသမားကြီး ဗိုဇင်ညာ ဟာ သူ့ဘဝရဲ့ အကောင်းဆုံး လက်စွမ်းကို ပြသသွားခဲ့ပြီး ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သလို သူ့နိုင်ငံရဲ့ သမိုင်းတစ်လျှောက် အမှတ်ရစရာအကောင်းဆုံး ရလဒ်ကိုလည်း ယူဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဗိုဇင်ညာ က “ကျွန်တော် အဖိုးအဖွားတွေနဲ့ ကြီးပြင်းလာခဲ့တာမလို့ ငိုမိတာပါ။ စိတ်မကောင်းစရာက သူတို့ ဒီမှာရှိမနေခဲ့ကြဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ ဆုံးပါးသွားခဲ့ကြတာပါ။ သူတို့က ကျွန်တော့်ဘဝအတွက်၊ ကျွန်တော့်ရဲ့ အရာရာတိုင်းပါပဲ။ ပြီးတော့ ကျွန်တော့်အမေကြောင့်လည်း ပါပါတယ်။ ဗီဇာ ကိစ္စကြောင့် သူ ဒီကိုမလာနိုင်ခဲ့ဘူး။ ဗီဇာအတွက် ပေးရမဲ့ငွေကြေးအဆင်မပြေတာကြောင့် အချိန်မီ မလုပ်နိုင်ခဲ့လို့ပါ။ သူ့ကို ဒီမှာ ရှိစေချင်ခဲ့တာ” လို့ ပြောကြားသွားခဲ့ပါတယ်။
သူက ဆက်ပြီးတော့ “ကျွန်တော်တို့ရဲ့ အကောင်းဆုံး လက်နက်ကတော့ စည်းလုံးညီညွတ်မှုပါပဲ။ ဒီနေ့မှ ရောက်လာတဲ့ ကစားသမားပဲဖြစ်ဖြစ်၊ အသက် ၁၀ နှစ်၊ ၁၅ နှစ်ပဲ ရှိသေးတဲ့ ကစားသမားပဲဖြစ်ဖြစ် ကျွန်တော်တို့ အချင်းချင်း မိသားစုလို ဆက်ဆံတာက အကြီးမားဆုံး ခွန်အားပါပဲ။ အားလုံးက ကျွန်တော်တို့ကို ကမ္ဘာ့ဖလားကို လာပြီး ပျော်ရုံသက်သက်ပဲလို့ ထင်နေကြတာ၊ ဒါပေမဲ့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အမြဲတမ်း လေးစားသွားမဲ့ အသင်းတွေ ရှိတယ်ဆိုတာ သိပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်တို့အတွက် ပထမဆုံးအကြိမ်မလို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီကို လာပြိုင်တာပါ၊ ကျွန်တော်တို့ နိုင်ငံအတွက် တိုက်ပွဲဝင်ဖို့ ဒီကို ရောက်နေတာပါ” လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
Source : https://www.bbc.com/




