ချဲလ်ဆီးအသင်းနဲ့ပတ်သက်တဲ့ အရာတွေကို အင်စတာဂရမ်ကနေ ဖျက်ပစ်လိုက်တဲ့ ဖိုဖာနာ

ချဲလ်ဆီးအသင်းနဲ့ပတ်သက်တဲ့ အရာတွေကို အင်စတာဂရမ်ကနေ ဖျက်ပစ်လိုက်တဲ့ ဖိုဖာနာ

ချဲလ်ဆီးအသင်းကို သုံးနှစ်အကြာက ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝက်စ်လေ ဖိုဖာနာဟာ ဒဏ်ရာတွေကြောင့် ပုံမှန်ပွဲကစားချိန်ရဖို့ ရုန်းကန်နေရပါတယ်။ ဖိုဖာနာဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ACL ဒဏ်ရာကြောင့် တစ်မိနစ်မှ မကစားခဲ့ရပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ၁၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာတော့ ဒီပြင်သစ်နောက်ခံလူဟာ အရန်ခုံမှာ ပါဝင်ခဲ့ပေမဲ့ ပွဲထွက်ခွင့် မရခဲ့ပါဘူး။ လီဗိုင်း ကိုဝဲလ်က ACL ဒဏ်ရာကြောင့် ဒီရာသီရဲ့ အများစုကို လွဲချော်ရမှာဖြစ်တဲ့အတွက် ချဲလ်ဆီးအသင်းက နောက်ခံလူအသစ် ခေါ်ယူဖို့ ဈေးကွက်ထဲမှာ ရှာဖွေနေပါတယ်။

နည်းပြ မာရက်စ်ကာကတော့ ကိုဝဲလ်ရဲ့ အစားထိုးအနေနဲ့ ဖိုဖာနာကို နောက်တန်း ၃ ယောက်စနစ်မှာ မထည့်သွင်းတော့ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ “ဖိုဖာနာက ပထမဆုံးအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့ လိုပါတယ်” “သူက အဲ့ဒီနေရာမှာ ၄၅ မိနစ် ကစားခဲ့ပါတယ်။ ခင်များတို့မှတ်မိမယ်ဆိုရင် အဝေးကွင်း ဘုန်းမောက်နဲ့ ပွဲရဲ့ ပထမပိုင်းမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့စတင်ပြီးနောက်ပိုင်း အဆိုးဆုံး ပထမပိုင်းတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”

“ဗဟိုမှာ ဘာဒီယာရှီးလ် ကစားခဲ့တဲ့ ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲ ပထမပိုင်းမှာ ကျွန်တော်တို့ ၁-၀ ဂိုးနဲ့ ရှုံးနေခဲ့ပါတယ်။ အဲ့ဒီနောက် ကိုဝဲလ်နဲ့ ပြောင်းလဲခဲ့ပြီး ၃-၁ ဂိုး နဲ့ နိုင်ခဲ့ပါတယ်။ ဒါကြောင့် အတူတူ မဟုတ်ပါဘူး” လို့ မာရက်စ်ကာက ပြောခဲ့ပါတယ်။

ဖိုဖာနာဟာ သူ့ရဲ့ အင်စတာဂရမ်မှာ ချဲလ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ဖျက်ပစ်ခဲ့ပါတယ်။ လိုင်ယွန်၊ စိန့်အက်သီရန့်စ်နဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ ကစားခဲ့တဲ့ပုံတွေနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝပုံတွေကိုသာ ကျန်ရှိထားခဲ့တာကြောင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကတော့ လာမဲ့သောကြာနေ့ညမှာ ဝက်စ်ဟမ်းနဲ့ ကစားရဖို့ ရှိနေပါတယ်။

Source : mirror.co.uk

Leave a Reply

Your email address will not be published. Required fields are marked *