မန်ချက်စတာယူနိုက်တက်အသင်းသည် နည်းပြ ရူဘန်အာမိုရင် (Ruben Amorim) ကို ၁၄ လကြာ တာဝန်ပေးအပ်ပြီးနောက် အိုးလ်ထရက်ဖို့ဒ်တွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။
အာမိုရင်သည် အသင်း၏ အမှုဆောင်အရာရှိချုပ် အိုမာ ဘာရာဒါ (Omar Berrada)၊ ဂျေဆန် ဝဲလ်ကောက်စ် (Jason Wilcox) တို့နှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။ လာမည့် ဗုဒ္ဓဟူးနေ့တွင် ကစားမည့် ဘန်လေ (Burnley) နှင့် ပွဲစဉ်အတွက် ဒါရင် ဖလက်ချာ (Darren Fletcher) က မန်ယူအသင်းကို ယာယီတာဝန်ယူ ကိုင်တွယ်သွားမည်ဖြစ်သည်။
Sky Sports News ၏ ဖော်ပြချက်အရ အာမိုရင်ကို ထုတ်ပယ်လိုက်ရသည့် အဓိကအကြောင်းရင်းမှာ ၎င်း၏ “စိတ်ခံစားချက် မတည်ငြိမ်ဘဲ ရှေ့နောက်မညီသော အပြုအမူများ (emotional and inconsistent behaviour)” ကြောင့်ဟု သိရှိရသည်။ ထို့အပြင် ၎င်းအားသန်သည့် ၃-၄-၃ ကစားကွက်ပုံစံကို ပြောင်းလဲအသုံးပြုရန် ငြင်းဆန်ခဲ့ခြင်းကလည်း အသင်းတာဝန်ရှိသူများအကြား ယုံကြည်မှု ပျက်ပြားစေခဲ့သည်။
သောကြာနေ့က ဘောလုံးဒါရိုက်တာ ဂျေဆန် ဝဲလ်ကောက်စ်နှင့် တွေ့ဆုံရာတွင် အသင်း၏ နည်းစနစ်ပိုင်းဆိုင်ရာ ချဉ်းကပ်ပုံများကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။ သို့သော် အဆိုပါ တွေ့ဆုံမှုတွင် အာမိုရင်၏ တုံ့ပြန်ပုံမှာ အလွန်အပျက်သဘောဆောင်ပြီး စိတ်လိုက်မာန်ပါ ဖြစ်ခဲ့သည်ဟု မန်ယူအသင်း တာဝန်ရှိသူများက ခံစားခဲ့ရကြောင်း သိရသည်။ ထို့နောက် တနင်္လာနေ့နံနက်ပိုင်းတွင် ဝဲလ်ကောက်စ်၊ ဘာရာဒါတို့နှင့် ထပ်မံတွေ့ဆုံပြီးနောက် အာမိုရင်ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ အသင်းအနေဖြင့် အာမိုရင်ကို ဆက်လက်တာဝန်ပေးရန် မဖြစ်နိုင်တော့သည့် အခြေအနေဟု သုံးသပ်ခဲ့ကြသည်။
မန်ယူအသင်း၏ ထုတ်ပြန်ချက်တွင် “ကလပ်အသင်း ခေါင်းဆောင်ပိုင်းအနေဖြင့် အပြောင်းအလဲတစ်ခု ပြုလုပ်ရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်ရသည်။ ဤဆုံးဖြတ်ချက်သည် ပရီးမီးယားလိဂ်တွင် အသင်းအနေဖြင့် အကောင်းဆုံး ရပ်တည်နိုင်ရန် အခွင့်အရေး ပေးစွမ်းနိုင်လိမ့်မည်” ဟု ဖော်ပြထားသည်။ မန်ယူကွင်းလယ်ကစားသမားဟောင်းနှင့် လက်ရှိ U18 နည်းပြဖြစ်သူ ဒါရင် ဖလက်ချာက ကြားကာလ နည်းပြအဖြစ် တာဝန်ယူမည်ဖြစ်သည်။
အာမိုရင်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ၂ နှစ်ခွဲ စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၇ ဇွန်လအထိ သက်တမ်းရှိသော်လည်း တနင်္ဂနွေနေ့က လိဒ်ယူနိုက်တက်နှင့် ၁-၁ သရေကျခဲ့သည့်ပွဲအပြီးတွင် လမ်းခွဲခဲ့ရသည်။ ထိုပွဲအပြီးတွင် အာမိုရင်က အသင်းတာဝန်ရှိသူများကို ရည်ရွယ်ပုံရသော စကားများကို ပြောဆိုခဲ့သည်။ “ခင်ဗျားတို့က အကြောင်းအရာတိုင်းနဲ့ ပတ်သက်ပြီး ရွေးချယ်ထားတဲ့ သတင်းအချက်အလက်တွေကိုပဲ လက်ခံရရှိနေတယ်ဆိုတာ ကျွန်တော် သတိထားမိတယ်။ ကျွန်တော် ဒီကိုလာတာ မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာ (Manager) လုပ်ဖို့ လာတာပါ၊ နည်းပြ (Coach) လုပ်ဖို့ လာတာမဟုတ်ဘူး” ဟု ၎င်းက ပြောဆိုခဲ့သည်။
ထို့အပြင် ကစားသမား အပြောင်းအရွှေ့ဈေးကွက်တွင် သူမျှော်လင့်ထားသလောက် ပံ့ပိုးမှုမရရှိခဲ့ကြောင်း သတင်းမီဒီယာများကို သွယ်ဝိုက် ပြောဆိုခဲ့ဖူးသည်။ “ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံတဲ့ ၃-၄-၃ ကစားကွက်ကို ကစားချင်ရင် ငွေအများကြီး သုံးဖို့လိုသလို အချိန်လည်း ပေးရလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်စပြုနေပါပြီ” ဟု သူက ဖွင့်ဟခဲ့သည်။
မန်ယူအသင်း၏ လာမည့်ပွဲစဉ်များမှာ ဘန်လေ (အဝေးကွင်း)၊ ဘရိုက်တန် (အိမ်ကွင်း – FA Cup)၊ မန်စီးတီး (အိမ်ကွင်း)၊ အာဆင်နယ် (အဝေးကွင်း) နှင့် ဖူလ်ဟမ် (အိမ်ကွင်း) တို့ ဖြစ်ကြသည်။
Source : https://www.skysports.com/




