Fantastic Four မင်းသား အီယွန် ဂရပ်ဖတ်ဟာ တနင်္လာနေ့ကပြုလုပ်တဲ့ တရားရုံးကြားနာမှုမှာ သူ့ရဲ့ဇနီးဟောင်း အဲလစ် အီဗန်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သူ့ကို “ကလေးသူငယ် ညှဉ်းပန်းသူ၊ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားသူနဲ့ မူးယစ်ဆေးစွဲသူ” ဆိုပြီး လူသိရှင်ကြား စွပ်စွဲပုတ်ခတ်ခဲ့တာတွေကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
၅၂ နှစ်အရွယ် မင်းသားဟာ အခု ၉ ရက်ကြာမြင့်မဲ့ တရားခွင်ရဲ့ ပထမဆုံးနေ့မှာပဲ “ဖခင်တစ်ယောက်အနေနဲ့ ဒီလိုမျိုး မဟုတ်မမှန် လုပ်ကြံပြောဆိုခံရတာဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို စိတ်ပျက်အားလျော့စရာပါပဲ” လို့ ဆိုပါတယ်။ သူဟာ အသက် ၅၇ နှစ်အရွယ် ဇနီးဟောင်း အဲလစ် အီဗန်ကို ချမှတ်ထားတဲ့ ချဉ်းကပ်ခွင့်ပိတ်ပင်မိန့် (restraining order) ကို သက်တမ်းတိုးပေးဖို့ တရားသူကြီးကို တောင်းဆိုထားတာပါ။
အဲလစ် အီဗန်ဟာ တရားရုံးမှာ ဖုန်းထဲက မက်ဆေ့ချ်တွေကိုဖတ်ရင်း သူ့ရဲ့ရှေ့နေနဲ့ တိုးတိုးတိတ်တိတ် စကားပြောနေချိန်မှာ အီယွန် ဂရပ်ဖတ်က သူခံခဲ့ရတဲ့ နှောင့်ယှက်စော်ကားမှုတွေကို အသေးစိတ် ပြန်ပြောပြခဲ့ပါတယ်။ သူပြောပြချက်အရ အဲလစ်ဟာ – ဂျွန်နီဒပ်ရဲ့ ဇနီးဟောင်း အမ်ဘာဟတ်လိုမျိုးလုပ်ပြီး သူ့ရဲ့ဘဝနဲ့အလုပ်အကိုင်ကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်တာ၊ သူ့ရဲ့ ဇနီးသစ် ဘီယန်ကာ ဝေါလေ့စ် နောက်ကို စုံထောက်ငှားပြီး နောက်ယောင်ခံလိုက်ခိုင်းတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မယ်လို့ ခြိမ်းခြောက်တာ၊ အိမ်ထောင်မကွဲခင် ၃ နှစ်ကတည်းက ဘီယန်ကာနဲ့ ဖောက်ပြန်နေတယ်လို့ မဟုတ်မမှန် စွပ်စွဲတာ၊ ဘီယန်ကာကို ပြည်နှင်ဒဏ်ပေးခံရအောင် မဟုတ်မမှန်တဲ့ ရာဇဝတ်မှုတစ်ခုနဲ့ စွပ်စွဲမယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
အပြာရင့်ရောင် ဝတ်စုံနဲ့ နက်ကတိုင် ဝတ်ဆင်ထားတဲ့ အီယွန်ဟာ စိတ်ပျက်လက်ပျက် ခေါင်းခါရင်းနဲ့ပဲ သူကွာရှင်းခွင့်တောင်းဆိုပြီးနောက်မှာ အဲလစ်က “ရှင်နဲ့ တိုက်ပွဲဝင်ဖို့ပဲ ကျွန်မဘဝကို မြှုပ်နှံတော့မယ်” ဆိုပြီး မက်ဆေ့ချ်ပို့ခဲ့တာကို တရားရုံးကို ပြောပြပါတယ်။
“ကျွန်တော် တကယ့်ကို စိတ်မကောင်းဖြစ်ရသလို အရမ်းလည်း အရှက်ရခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။ တခြား မက်ဆေ့ချ်တွေမှာလည်း အဲလစ်က “ရှင် မင်းသား ဆက်ဖြစ်မှာမဟုတ်ဘူး အချစ်ရေ၊ ရှင်က ပိုက်ဆံလိုက်တောင်းစားနေရမှာ” လို့ ခြိမ်းခြောက်ခဲ့သလို၊ လူမှုကွန်ရက်ပေါ်မှာလည်း သူ့ကို ကလေးသူငယ် ညှဉ်းပန်းသူ၊ ဆေးစွဲနေသူ၊ ကာမဂုဏ်နဲ့ ဆေးဝါးတွေကြားမှာ စိတ်ရူးပေါက်နေသူလို့ အမျိုးမျိုး စွပ်စွဲခဲ့တယ်လို့ သိရပါတယ်။
“ဒီလိုပြောဆိုမှုတွေက ကျွန်တော့်ရဲ့ပုံရိပ်နဲ့ အလုပ်အကိုင်ကို ထိခိုက်မှာကို အရမ်းကြောက်ခဲ့ပါတယ်။ စိတ်မကောင်းဖြစ်ရသလို ဘာမှလုပ်လို့မရဘဲ လက်မှိုင်ချခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ကလေးတွေနဲ့ ဆက်ဆံရေးကိုပါ ခြိမ်းခြောက်နေခဲ့တာပါ” လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အီယွန်က အဲလစ်ဟာ သူ့ရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေကို ထိခိုက်အောင် မဟုတ်မမှန် လုပ်ကြံပြောဆိုနေတာလို့ စွပ်စွဲထားပါတယ်။ အဲလစ်ဟာ အပြာနဲ့ အဖြူစပ်အင်္ကျီကို ရှေ့နောက်မှားဝတ်ထားသလိုမျိုး ပုံစံနဲ့ တရားရုံးကို ရောက်လာပြီး သိပ်ပြီးထူးထူးခြားခြား ခံစားချက်ပြတာမျိုး မရှိခဲ့ပါဘူး။
အီယွန်ကတော့ သူဟာ အဲလစ်နဲ့ ကလေးတွေအတွက် ငွေကြေးထောက်ပံ့မှုတွေကို ရက်ရက်ရောရော ပေးခဲ့ပါလျက်နဲ့ အခုလို တုံ့ပြန်ခံရတာကို စိတ်ပျက်နေတာပါ။ အိမ်ထောင်ကွဲပြီးနောက်မှာ အဲလစ်ဟာ အေးအေးဆေးဆေး ဖြေရှင်းဖို့ စိတ်ကူးမရှိဘဲ တရားစွဲဖို့ကုန်ကျစရိတ်ရအောင် မိသားစုအိမ်ကိုတောင် ရောင်းပစ်ဖို့ ဇွတ်လုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
အီယွန်ရဲ့ ဇနီးသစ် ဘီယန်ကာ ဝေါလေ့စ် ကလည်း သက်သေအဖြစ် ထွက်ဆိုခဲ့ပြီး အဲလစ်က သူ့ကို လူမှုကွန်ရက်မှာ “ဖာသည်မ”၊ “လင်ခိုးမ” လို့ ခေါ်ဝေါ်စော်ကားခဲ့သလို သူ့မှာ “မာလ်တီပယ် စကလီရိုးစစ်” (multiple sclerosis) ရောဂါရှိနေတာကိုလည်း လူသိရှင်ကြား ချပြခဲ့တယ်လို့ ပြောပါတယ်။

“သူ့ရဲ့ ရေးသားချက်တွေက တကယ့်ကို ရက်စက်လွန်းပါတယ်” လို့ ဘီယန်ကာက မျက်ရည်ကျရင်း ပြောပြခဲ့ပါတယ်။ အီယွန်နဲ့ အဲလစ်တို့ဟာ ၂၀၂၁ ခုနှစ်မှာ လမ်းခွဲခဲ့ပြီး ၂၀၂၃ မှာ ကွာရှင်းပြတ်စဲမှု ပြီးမြောက်ခဲ့ပေမဲ့ ငွေကြေးကိစ္စနဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အယ်လာနဲ့ အယ်လ်ဆီတို့ရဲ့ ကိစ္စတွေကြောင့် အခုထိ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။
အဲလစ်ကတော့ သူမမှာ ပိုက်ဆံမရှိတော့ဘဲ GoFundMe မှာ အလှူခံနေရတယ်လို့ဆိုပေမဲ့ အီယွန်ကတော့ အဲလစ်ဟာ ၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ ၁ သိန်း ၃ သောင်းကျော် ဝင်ငွေရှိခဲ့ပြီး ပိုက်ဆံပိုရဖို့အတွက် သူမကိုယ်သူမ အိမ်ကနေ အနှင်ထုတ်ခံရအောင် တမင်လုပ်ခဲ့တာလို့ ပြန်လည်စွပ်စွဲထားပါတယ်။ အီယွန်နဲ့ အဲလစ်တို့ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က “102 Dalmatians” ရုပ်ရှင်ရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ကြပြီး ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Source : https://www.dailymail.co.uk/




