အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသွားခဲ့ပြီးနောက်မှာ အီရန်ဘက်က ဒီနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်လိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က တီဟီရန်မြို့တော် အပါအဝင် အီရန်ရဲ့ အဓိကမြို့ကြီးတွေကို ပစ်မှတ်ထားပြီး အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းစစ်ဆင်ရေး လုပ်ခဲ့တာဟာ ရက်သတ္တပတ်ပေါင်းများစွာ တင်းမာမှုတွေဖြစ်နေခဲ့ပြီးနောက် အခြေအနေကို ပိုမိုဆိုးရွားသွားစေခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အီရန်အပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့နဲ့ အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုကို တားဆီးဖို့အတွက် နှစ်ဖက်ညှိနှိုင်းမှုတွေ မအောင်မြင်ဖြစ်ခဲ့ပြီး မကြာခင်မှာပဲ ပေါ်ပေါက်လာတာပါ။
လွှတ်တော်ရဲ့ ခွင့်ပြုချက်မရဘဲ ထရန့်က အခုလိုလုပ်ဆောင်ခဲ့တာကို ဒီမိုကရက်တစ်တွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်ကတော့ အစိုးရအနေနဲ့ ဒီစစ်ဆင်ရေးကို မလုပ်ခင်မှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ် ခေါင်းဆောင်တွေကို ကြိုတင်အသိပေးခဲ့တယ်လို့ ပြောပါတယ်။
ဒီပဋိပက္ခတွေကြောင့် အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မယ်ဒီ တပ်ဂျ်က လာမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့အသင်း ပါဝင်ဖို့ ရှိ၊ မရှိအပေါ် သံသယတွေ အများကြီး ရှိလာခဲ့ပါတယ်။ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ သူက ‘Tehran’ ရုပ်သံလိုင်းမှာ “ဒီနေ့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ဖလားကို ဆက်ပြီး မျှော်လင့်ဖို့ ခက်ခဲသွားပါပြီ” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် “ဒါပေမဲ့ အားကစားဆိုင်ရာ အကြီးအကဲတွေကပဲ ဒါကို ဆုံးဖြတ်ရမှာပါ” လို့လည်း သူက ဆက်ပြောပါတယ်။
အကယ်၍ အီရန်သာ ပြိုင်ပွဲဝင်ဖြစ်ခဲ့မယ်ဆိုရင် အုပ်စုတွင်း အဆင့် ၂ စီ ရခဲ့ကြမယ်ဆိုရင် ဇူလိုင် ၃ ရက်နေ့ ဒါးလပ်စ်မှာ အမေရိကန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ လော့စ်အိန်ဂျလိစ်မြို့က SoFi ကွင်းမှာ နယူးဇီလန်နဲ့ အီရန်တို့ရဲ့ ပထမဆုံးပွဲစဉ် ကစားဖို့ ၁၀၇ ရက်ပဲ လိုတော့တဲ့အချိန်မှာ အခုလိုသတိပေးချက် ထွက်ပေါ်လာတာပါ။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမဲ့ ကမ္ဘာ့ဖလားမစတင်မီ လအနည်းငယ်အလိုမှာပဲ ဖီဖာ (FIFA) တာဝန်ရှိသူတွေဟာ ဒီနောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ ဝေးလ်နိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ဖီဖာ အထွေထွေအတွင်းရေးမှူးချုပ် မက်သီးယပ်စ် ဂရပ်ဖ်စထရွန်းက “သတင်းတွေကို ကျွန်တော်လည်း ဒီမနက်မှ သိရတာပါ။ ဒီကိစ္စကို အသေးစိတ်မှတ်ချက်ပေးဖို့တော့ စောပါသေးတယ်” လို့ ပြောခဲ့ပါတယ်။
“ဒါပေမဲ့ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပျက်နေတာတွေကို ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ။ အသင်းအားလုံး ပါဝင်နိုင်တဲ့ ဘေးကင်းလုံခြုံတဲ့ ကမ္ဘာ့ဖလားတစ်ခု ဖြစ်စေဖို့က ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါ” လို့ သူက ဆိုပါတယ်။ အီရန်အသင်းဟာ အာရှခြေစစ်ပွဲ အုပ်စု (က) မှာ ပထမရပြီး ၄ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ဝင်ခွင့်ရထားတာပါ။ အခု ပြိုင်ပွဲမှာတော့ အုပ်စု (ဆ) မှာ ဘယ်လ်ဂျီယံ၊ နယူးဇီလန်၊ အီဂျစ်တို့နဲ့ တစ်အုပ်စုတည်း ကျနေပါတယ်။
အီရန်အသင်းဟာ အရီဇိုးနားမှာ အခြေစိုက်ဖို့စီစဉ်ထားပေမဲ့ အခုတော့ အားလုံးက မသေချာတော့ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကလည်း ခါမေနီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ လူပေါင်းများစွာ အသတ်ခံခဲ့ရပါသေးတယ်။
စနေနေ့ မနက်မှာတော့ ထရန့်က “ခါမေနီ သေဆုံးသွားပြီ” လို့ Truth Social မှာ ရေးသားခဲ့ပါတယ်။ “ဒါဟာ အီရန်ပြည်သူတွေအတွက်သာမက ခါမေနီကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမေရိကန်တွေနဲ့ တခြားနိုင်ငံက လူတွေအတွက်ပါ တရားမျှတမှု ရလိုက်တာပဲ” လို့ သူက ဆိုပါတယ်။
ခါမေနီ သေဆုံးသွားပေမဲ့ အီရန်မှာ အစိုးရအပြောင်းအလဲ ဖြစ်လာဖို့တော့ မသေချာသေးသလို တီဟီရန်ဘက်ကလည်း အရှေ့အလယ်ပိုင်းမှာ ပြန်လည်တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ အစ္စရေးကတော့ တီဟီရန်မှာရှိတဲ့ အီရန်အရာရှိကြီးတွေ စုဝေးနေတဲ့ နေရာ ၃ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
Source : https://www.dailymail.co.uk/




