တည်ကန်ဘောတွေမှာ အချင်းချင်း တွန်းထိုးနေကြတာတွေက လွန်လွန်းနေပြီလို့ မိုက်ကယ် ကားရစ် ဝေဖန်

မိုက်ကယ် ကားရစ် ပရီးမီးယားလိဂ် တည်ကန်ဘော

မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြချုပ် မိုက်ကယ် ကားရစ်က ပရီးမီးယားလိဂ်ရဲ့ တည်ကန်ဘော အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောကြားလိုက်ပါတယ်။ ထောင့်ကန်ဘောတွေ ကန်တဲ့အချိန် ဂိုးဧရိယာအတွင်းမှာ အချင်းချင်း တွန်းထိုး တိုက်ခိုက်နေကြတာတွေဟာ “လွန်လွန်းနေပြီ” လို့ သူက ဆိုပါတယ်။

ဒီရာသီမှာ တည်ကန်ဘောကနေတစ်ဆင့် ဂိုးရရှိမှုတွေ များပြားလာတာဟာ အဓိကအကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။ အခု ၂၀၂၅-၂၆ ရာသီမှာ တည်ကန်ဘောကနေရတဲ့ ဂိုးအရေအတွက်ဟာ ပြီးခဲ့တဲ့ ရာသီတစ်ခုလုံးထက်တောင် ပိုများနေပြီ ဖြစ်ပါတယ်။

ဇယားထိပ်က အာဆင်နယ် အသင်းဟာ ဒီနည်းဗျူဟာကို အသုံးအများဆုံး အသင်းဖြစ်နေပြီး ဒီတစ်ပတ် ချယ်လ်ဆီးကို ၂-၁ နဲ့ နိုင်တဲ့ပွဲမှာလည်း ထောင့်ကန်ဘောကနေ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုဖြစ်ရပ်တွေအပေါ် တချို့ကလပ်အသင်းတွေက စိုးရိမ်နေကြပါတယ်။ ဘရိုက်တန် နည်းပြ ဖေဘီယန် ဟာဇယ်လာက အာဆင်နယ်ဟာ ထောင့်ကန်ဘောတွေနဲ့ ဘောလုံးအပစ်တွေမှာ အချိန်ဆွဲနေတယ်လို့ စွပ်စွဲထားသလို၊ လီဗာပူး နည်းပြ အာနယ် ဆလော့ကလည်း တည်ကန်ဘောတွေကိုပဲ အလွန်အကျွံအားကိုးနေတာဟာ ထိပ်တန်းပွဲစဉ်တွေရဲ့ “ပျော်ရွှင်စရာ” ကောင်းမှုကို လျော့နည်းစေတယ်လို့ ပြောထားပါတယ်။

ကားရစ်က အင်္ဂါနေ့မှာပြုလုပ်တဲ့ အင်တာဗျူးမှာ တည်ကန်ဘောတွေအတွင်း နေရာလုတာနဲ့ အချင်းချင်း ဆွဲလားရမ်းလား လုပ်နေတာတွေဟာ “လွန်လွန်းနေပြီ” လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ည နယူးကာဆယ်နဲ့ ရင်ဆိုင်ရမဲ့ ပွဲမတိုင်ခင် သူက “ဒါဟာ လွန်လွန်ကဲကဲ ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ လွန်ခဲ့တဲ့ ခဏတုန်းကဆိုရင် ဂိုးဧရိယာထဲမှာ တစ်ဖက်လူကို လက်နဲ့တောင် ထိလို့မရဘူး၊ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြောခဲ့ကြတာပါ။ အခုတော့ ထောင့်ကန်ဘောတွေကနေ ဂိုးတွေရလာတာ၊ လူချင်းကပ်ပြီး ကစားနိုင်လာတာတွေကြောင့် အသင်းအတော်များများက ဒါကို လုပ်လာကြတာပါ” လို့ ဆိုပါတယ်။

“အသင်းအများကြီးက ဘာလို့ ဒါကို လုပ်နေကြသလဲဆိုတာ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲ တစ်ပွဲအနေနဲ့ ကြည့်ရင်တော့ ဒါဟာ မျှတမှုမရှိသလို ခံစားရပါတယ်။ ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် မသိပါဘူး၊ ဒါက ကျွန်တော် ဆုံးဖြတ်ရမဲ့အရာလည်း မဟုတ်ပါဘူး”

“လောလောဆယ်တော့ ရှေ့မှာရှိနေတဲ့ အခြေအနေအတိုင်းပဲ ရင်ဆိုင်ရမှာပါ။ အကယ်၍ ဒါကို ခွင့်ပြုထားတယ် ဆိုရင်တော့ ခွင့်ပြုထားတဲ့ အတိုင်းပဲ ကစားရမှာပါပဲ”

ဘောလုံးဥပဒေ ပြဌာန်းရေး အဖွဲ့ (Ifab) ရဲ့ ဒါရိုက်တာ အီယန် မက်စ်ဝဲလ်ကတော့ ထောင့်ကန်ဘောတွေမှာ အချင်းချင်း ဆွဲလားရမ်းလား လုပ်နေတဲ့ကိစ္စကို မကြာသေးခင်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသိအမှတ်ပြုပြောဆိုခဲ့ပေမဲ့ ဒီအကြောင်းကို သီးသန့်ဆွေးနွေးထားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

Ifab အနေနဲ့ ဘောလုံးအပစ်တွေနဲ့ ဂိုးကန်ချက်တွေမှာ အချိန်ဆွဲတယ်လို့ ယူဆရရင် ဒိုင်လူကြီးတွေ အနေနဲ့ (၅) စက္ကန့်အတွင်းကန်ဖို့ ဒါမှမဟုတ် ပစ်ဖို့သတိပေးရမဲ့ ဥပဒေသစ်ကို စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေကို ထောင့်ကန်ဘောတွေမှာ ကျင့်သုံးဖို့တော့ အစီအစဉ် မရှိသေးပါဘူး။

Source : https://www.independent.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *