ဘာစီလိုနာအသင်းကနေ လီယွန်နယ် မက်ဆီ ထွက်ခွာသွားခဲ့တာဟာ “မှန်ကန်တဲ့ ဆုံးဖြတ်ချက်” ဖြစ်တယ်လို့ ဥက္ကဋ္ဌ ဂျိုအန် လာပေါ်တာက ပြောကြားလိုက်ပါတယ်။ လာပေါ်တာ တတိယအကြိမ်မြောက် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရတဲ့ စပိန်နိုင်ငံက ရွေးကောက်ပွဲကာလအတွင်းမှာ မက်ဆီရဲ့ အငြင်းပွားဖွယ် ထွက်ခွာမှုအကြောင်းက ပြန်လည်ရေပန်းစားလာခဲ့တာပါ။ အခုတော့ လာပေါ်တာက ဒီကိစ္စနဲ့ပတ်သက်ပြီး မက်ဆီကို လက်လွှတ်ခဲ့တာဟာ နောက်ဆုံးမှာတော့ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ခဲ့တယ်လို့ ထပ်လောင်း အတည်ပြုလိုက်ပါတယ်။
မဲမပေးခင်မှာ နည်းပြဟောင်း ဇာဗီက မက်ဆီ ထွက်ခွာသွားရတာရော၊ ၂၀၂၃ ခုနှစ်မှာ မက်ဆီကို ပြန်ခေါ်ဖို့ ပျက်ကွက်ခဲ့တာတွေအတွက်ပါ လာပေါ်တာမှာ အဓိကတာဝန်ရှိတယ်လို့ ပြောဆိုခဲ့တာကြောင့် ဘာစီလိုနာလောကတစ်ခုလုံး ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း လာပေါ်တာဟာ မတ်လ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲအရေအတွက် ၆၈.၈ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
El Pais နဲ့ အင်တာဗျူးမှာတော့ မက်ဆီရဲ့ ရုတ်တရက် ထွက်ခွာမှုဟာ သူ့ရဲ့သမိုင်းမှတ်တမ်းအပေါ် အရိပ်မည်း ဖြစ်စေမလားလို့ အမေးခံရတဲ့အခါ လာပေါ်တာက ပွင့်ပွင့်လင်းလင်းပဲ ဖြေကြားခဲ့ပါတယ်။
သူက “ဒါဟာ ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေမဲ့ ကိစ္စပါ။ ကျွန်တော် ဥက္ကဋ္ဌဖြစ်နေတဲ့အချိန်မှာပဲ မက်ဆီကို ပထမအသင်းဆီ ပို့ပေးနိုင်ခဲ့တယ်လို့လည်း တွေးမိပါတယ်။ ကျွန်တော် ဥက္ကဋ္ဌဖြစ်နေတဲ့ နှစ်ပေါင်းများစွာအတွင်းမှာ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချခဲ့ရပြီး အဲ့ဒါဟာ မှန်ကန်ခဲ့တယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။
မက်ဆီ ထွက်ခွာရတဲ့ အခြေအနေတွေ ရှိခဲ့ပေမဲ့လည်း နောက်ပိုင်း ဖြစ်ရပ်တွေက သူမှန်ကန်ကြောင်း သက်သေပြနေတယ်လို့ လာပေါ်တာက ပြောပါတယ်။
“ရလဒ်တွေကိုပဲ ကြည့်လိုက်ပါ။ ကျွန်တော်တို့ အသင်းရဲ့ ဘဏ္ဍာရေးကို ပြန်လည် ကုစားနိုင်ခဲ့သလို အသင်းကိုလည်း အပြိုင်အဆိုင်ဖြစ်အောင် ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ မျိုးဆက်သစ်တွေကို လက်လွှဲပေးရမဲ့ အချိန်လည်း ဖြစ်ပါတယ်။ လီယိုက သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးပိုင်းကို ရောက်နေပြီဖြစ်လို့ အသင်းသစ်တစ်ခုကို တည်ဆောက်ခဲ့ရတာပါ။ လီယိုနဲ့အတူ အသင်းသစ်ကို တည်ဆောက်ချင်လားဆိုရင်တော့ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ကြိုးစားခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး” လို့ သူက နိဂုံးချုပ် ပြောဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက El Mundo ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ၄ နှစ်စာ စာချုပ်အတွက် ယူရို ၅၅၅ သန်းအထိ ရရှိနေတာကြောင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ မညီညွတ်ဘဲ ဖြစ်နေခဲ့တာပါ။ ဒါကြောင့် လာပေါ်တာက “ကျွန်တော် လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ” လို့ ဆိုပါတယ်။
မက်ဆီရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူ ဇာဗီက လာပေါ်တာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပေမဲ့လည်း အင်တာ မိုင်ယာမီကြယ်ပွင့် မက်ဆီကတော့ ဒီအငြင်းပွားမှုတွေထဲမှာ မပါဝင်ဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။ မက်ဆီနဲ့ လာပေါ်တာတို့ကြားမှာ ဆက်ဆံရေး အေးစက်နေဆဲလို့ သတင်းတွေ ထွက်နေပေမဲ့လည်း မက်ဆီဘက်ကတော့ လူသိရှင်ကြား ဘာမှ မပြောသေးပါဘူး။
လာပေါ်တာကတော့ မက်ဆီနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ကြိုးစားနေပြီး ကမ့်နူးကွင်းအပြင်ဘက်မှာ မက်ဆီရဲ့ ရုပ်တုထားရှိဖို့နဲ့ ဂုဏ်ပြုပွဲစဉ်တစ်ပွဲ ကျင်းပပေးဖို့ စီစဉ်နေပါတယ်။ ဒီရုပ်တုဟာ မက်ဆီနဲ့ ပြန်လည်ပေါင်းစည်းဖို့ တံတားတစ်စင်း ဖြစ်နိုင်မလားလို့ အမေးခံရတဲ့အခါ လာပေါ်တာက အကောင်းမြင်တဲ့ ပုံစံနဲ့ “သူဟာ ကူဘာလာ၊ ခရိုက်ဖ်တို့လို မျိုးဆက်တစ်ခုရဲ့ စံပြကစားသမားပါ။ ဒါကြောင့် သူ့အတွက် ရုပ်တုရော၊ ဂုဏ်ပြုပွဲရော ရှိရပါမယ်။ ဘာစီလိုနာဟာ သူ့ရဲ့ အိမ်ပါ။ အနာဂတ်နဲ့ လက်ရှိ ဆက်ဆံရေးဟာ လီယိုနဲ့ ဘာစီလိုနာတို့ လိုလားတဲ့အတိုင်း ဖြစ်လာမှာပါ။ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေ ထပ်တူ ပြန်ကျလာပါလိမ့်မယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။
Source : https://worldsoccertalk.com/




