မန်ချက်စတာယူနိုက်တက် အသင်းကနေ ဒီနွေရာသီမှာ ထွက်ခွာတော့မဲ့ ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေက သူ့နာမည်ကို အော်ဟစ်အားပေးခဲ့ကြတာကြောင့် ဇနီးဖြစ်သူ ငိုခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ကတ်စ်မဲရိုးနဲ့ ယူနိုက်တက်တို့ကြားမှာ စာချုပ်ပါ အချက်အလက်တချို့ကို ပယ်ဖျက်ဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် အခုလို အခြေအနေတွေ ဖြစ်ပေါ်လာတာပါ။
အသက် ၃၄ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူဟာ လာမဲ့နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းကနေ ပေါင် ၇၀ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်ချက်စတာမှာ ၄ နှစ်ကြာ ဖြတ်သန်းခဲ့စဉ်အတွင်း ပွဲပေါင်း ၁၅၀ ကျော် ကစားပေးခဲ့သလို ဆုဖလားကြီး ၂ လုံးလည်း ရယူပေးနိုင်ခဲ့ပါတယ်။
ဒီရာသီမှာ ကတ်စ်မဲရိုးဟာ ယူနိုက်တက်အတွက် အကောင်းဆုံး ခြေစွမ်းပြနေသူတစ်ဦးဖြစ်ပြီး ၂ ပွဲသာ လွဲချော်ခဲ့ပါတယ်။ ဇန်နဝါရီလလယ်မှာ မိုက်ကယ် ကာရစ် ရောက်လာပြီးနောက်ပိုင်း ကိုဘီ မိနူးနဲ့အတူ ကွင်းလယ်မှာ အထိုင်ကျခဲ့ပါတယ်။ အက်စတွန်ဗီလာကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဖာနန်ဒက်စ် ရဲ့ ထောင့်ကန်ဘောကနေ သူက ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ပရိသတ်တွေက “နောက်ထပ် တစ်နှစ်လောက် ဆက်နေပေးပါ” ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်။
“ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုကို ရလို့ ကျွန်တော် တကယ်ပျော်ပါတယ်။ ဇနီးဖြစ်သူကတော့ ပရိသတ်တွေက နောက်ထပ် တစ်နှစ်လောက် ဆက်နေဖို့ အော်ဟစ်တောင်းဆိုကြတာကိုကြားပြီး ငိုတောင်ငိုခဲ့ပါတယ်။ ကျွန်တော်ကတော့ ကျန်ရှိနေတဲ့အချိန်လေးတွေကို အကောင်းဆုံး ခံစားသွားမှာဖြစ်သလို တစ်သက်လုံး ယူနိုက်တက်ပရိသတ်အဖြစ် ရှိနေမှာပါ” လို့ ကတ်စ်မဲရိုးက ဆိုပါတယ်။
မူလစာချုပ်အရ ကတ်စ်မဲရိုးဟာ နောက်ဆုံးရာသီမှာ ၃၅ ပွဲအထိ ပွဲထွက်ကစားခွင့်ရရင် စာချုပ်သက်တမ်း တစ်နှစ် တိုးခွင့်ရှိပေမဲ့ ဇန်နဝါရီလတုန်းက အသင်းနဲ့ဆွေးနွေးပြီး ဒီအချက်ကိုပယ်ဖျက်ဖို့ သဘောတူခဲ့တာပါ။ သူဟာ ၂၀၂၅/၂၆ ရာသီအကုန်မှာ ထွက်ခွာတော့မဲ့အကြောင်းကို ၂၀၂၆ ခုနှစ် အစောပိုင်းမှာပဲ လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ ကတ်စ်မဲရိုးဟာ ယူနိုက်တက်အတွက် ၇ ပွဲသာ ကစားဖို့ ကျန်ရှိတော့ပြီး လာမဲ့ ဧပြီလ ၁၃ ရက်နေ့မှာ လိဒ်ယူနိုက်တက်နဲ့ ကစားမဲ့ပွဲကတော့ ပထမဆုံးပွဲ ဖြစ်လာမှာပါ။
Source : https://www.manchestereveningnews.co.uk/




