အာဆင်နယ်ကို အနိုင်ရပြီးနောက် မန်စီးတီးဟာ ချန်ပီယံဖြစ်ဖို့ အလားအလာ အကောင်းဆုံးအသင်း ဖြစ်လာပြီလား။ ဟာလန်း ရဲ့ အနိုင်ဂိုး၊ ပရိသတ်တွေရဲ့ ဟစ်ကြွေးသံတွေနဲ့အတူ အက်တီဟတ်ကွင်းက ရလဒ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲရဲ့ အလှည့်အပြောင်းလို့တောင် ဆိုနိုင်ပါတယ်။ မန်စီးတီးက ဇယားထိပ်က အာဆင်နယ်ကို ၂-၁ နဲ့ အနိုင်ယူလိုက်တာပါ။
မီခေးလ် အာတီတာ ရဲ့ အာဆင်နယ်ဟာ ဇယားထိပ်မှာ ရှိနေဆဲ ဖြစ်ပေမဲ့ တစ်ပတ်အတွင်းမှာပဲ ၉ မှတ်အသာကနေ ၃ မှတ်အသာအဖြစ် လျော့ကျသွားပါတယ်။ မန်စီးတီးက လက်ကျန်တစ်ပွဲ ကစားဖို့ကျန်သေးသလို လာမဲ့ဗုဒ္ဓဟူးနေ့မှာ ဘန်လေကို အနိုင်ရရင် အာဆင်နယ်ကို ကျော်တက်နိုင်မှာပါ။ ဂွါဒီယိုလာ ကတော့ အာဆင်နယ်ဟာ အင်္ဂလန်မှာ အကောင်းဆုံးအသင်း ဖြစ်နေဆဲဖြစ်ပြီး သူတို့အနေနဲ့ နောက်ဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
စာရင်းအင်းတွေအရ အေပရယ်လ်လဟာ ဂွါဒီယိုလာ အတွက် အနိုင်ရလဒ် အများဆုံးရတဲ့လဖြစ်နေပြီး အာတီတာ အတွက်တော့ ရလဒ်အညံ့ဆုံးလ ဖြစ်နေပါတယ်။ Opta ရဲ့ ခန့်မှန်းချက်မှာ အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ၇၃ ရာခိုင်နှုန်းရှိပြီး မန်စီးတီးက ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ အာတီတာ ကတော့ “ကျွန်တော်တို့ လုပ်နိုင်တယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ အခွင့်အရေးက ကျွန်တော်တို့ လက်ထဲမှာပဲ ရှိပါသေးတယ်” လို့ ဆိုပါတယ်။
ပွဲအပြီးမှာ မန်စီးတီး ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ အောင်ပွဲခံမှုက တကယ့်ကို ထူးခြားခဲ့ပါတယ်။ ဒန်နီ မာဖီကတော့ “သူတို့တွေ ချန်ပီယံရသလိုမျိုး အောင်ပွဲခံနေကြတာ အံ့သြဖို့ကောင်းတယ်” လို့ မှတ်ချက်ပေးပါတယ်။ ဒီပွဲမှာ ဟာလန်း က အနိုင်ဂိုးသွင်းခဲ့တာဖြစ်ပြီး ကိုင် ဟာဗက်ဇ် ကတော့ အာဆင်နယ်အတွက် ချေပဂိုးသွင်းပေးခဲ့ပါတယ်။
ဝိန်း ရူနီကတော့ အာဆင်နယ်ကပဲ ၂ မှတ်အသာနဲ့ ချန်ပီယံဖြစ်သွားမယ်လို့ ခန့်မှန်းထားပေမဲ့ ဂယ်ရီ နဗီးလ်ကတော့ “မန်စီးတီးက အရှိန်ရနေပြီဖြစ်လို့ သူတို့ကိုတားဖို့ ခက်ပါလိမ့်မယ်” လို့ သတိပေးထားပါတယ်။ ခရစ် ဆပ်တန်ကတော့ အာဆင်နယ်ရဲ့ လက်ကျန်ပွဲစဉ်တွေက ပိုလွယ်တာကြောင့် သူတို့ပဲ ချန်ပီယံဖြစ်မယ်လို့ ယူဆနေပါတယ်။
Source : https://www.bbc.com/




