ဂျနီဖာလိုပက်ဇ် မပါရင် ဒီကားကို လုံးဝမရိုက်တော့ဘူးလို့ ဘရက် ဂိုးလ်စတိုင်း ပြောခဲ့တဲ့ “Office Romance”

Jennifer Lopez Office Romance

ဂျနီဖာလိုပက်ဇ် (Jennifer Lopez) နဲ့ ဘရက် ဂိုးလ်စတိုင်း (Brett Goldstein) တို့ဟာ လာမဲ့ဇွန်လမှာ Netflix ကနေ ပြသမဲ့ “Office Romance” ဆိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ (raunchy) အချစ်ဟာသဇာတ်ကားမှာ ကုမ္ပဏီအကြီးအကဲနဲ့ ဝန်ထမ်းအဖြစ် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားထဲက ဂျနီဖာလိုပက်ဇ်ရဲ့ နေရာဟာ သူမအတွက်တင် သီးသန့်ဖန်တီးထားတာဖြစ်ပါတယ်။

ဧပြီလ ၁၈ ရက်နေ့က Sirius XM ရဲ့ BPM အစီအစဉ်မှာ ဂျနီဖာက သူမရဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြခဲ့ပါတယ်။ ဒီကားမှာ Ted Lasso မင်းသား ဘရက် ဂိုးလ်စတိုင်း က အဓိကမင်းသားအဖြစ် သရုပ်ဆောင်ထားရုံတင်မကဘဲ ဇာတ်ညွှန်းကိုလည်း ပူးတွဲရေးသားခဲ့တာပါ။

အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျနီဖာက သူမရဲ့ ဇာတ်ကောင် Jackie Cruz ဟာ သူမကို စိတ်ကူးထဲထည့်ပြီး ရေးထားတာလို့ ဆိုပါတယ်။ Goldstein နဲ့ ဇာတ်ညွှန်းဆရာ Joe Kelly တို့က သူမသာ လက်မခံရင် ဒီပရောဂျက်ကို ဖျက်သိမ်းဖို့အထိ ပြင်ဆင်ထားခဲ့ကြတာပါ။

“သူတို့က ကျွန်မဆီ ဇာတ်ညွှန်းပို့ပြီး ဒါဟာ ရှင့်အတွက် ရေးထားတာပါ။ ရှင်သာမပါရင် ကျွန်မတို့ ဒီကားကို ရိုက်တောင်မရိုက်တော့ဘူးလို့ ပြောခဲ့တယ်” လို့ ဂျနီဖာက ပြန်ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်ညွှန်းက အရမ်းရယ်ရတာကြောင့် သူမနဲ့ သူမရဲ့ ပါတနာတို့က သဘောကျပြီး လက်ခံဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“Office Romance” မှာ ဂျနီဖာကို ကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို Jackie Cruz အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ဝန်ထမ်းသစ် Daniel Blanchflower (ဂိုးလ်စတိုင်း) အပေါ် စိတ်ကစားမိရာကနေ ဇာတ်လမ်းစတာပါ။ ဒီကားဟာ ပုံမှန် ဂျေလို (JLo) ရဲ့ rom-com ဇာတ်ကားတွေထက်စာရင် ပြက်လုံးတွေက ပိုပြီးထိမိပွင့်လင်း (edgier) ပေမဲ့ ပရိသတ်တွေ နှစ်သက်တဲ့ အချစ်ဟာသဇာတ်ကားတွေရဲ့ အနှစ်သာရအတိုင်းပဲလို့ သူမက ဆိုပါတယ်။

ဒါ့အပြင် Betty Gilpin ၊ Tony Hale၊ Amy Sedaris နဲ့ Edward James Olmos တို့လို အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်တွေလည်း ပါဝင်ကြပါသေးတယ်။ “Office Romance” ဇာတ်ကားကို ဇွန်လ ၅ ရက်နေ့မှာ Netflix ကနေ စတင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Source : https://people.com/

Leave a Reply

Your email address will not be published. Required fields are marked *