၈ ရာသီကြာပြီးနောက် ပရီးမီးယားလိဂ်ကနေ တရားဝင်တန်းဆင်းသွားရတဲ့ ဝုလ်ဗ်အသင်း

ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတဲ့ ဝုလ်ဗ်အသင်း

ဝုလ်ဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် (ဝုလ်ဗ်) အသင်းဟာ ပရီးမီးယားလိဂ်ကနေ တရားဝင် တန်းဆင်းသွားခဲ့ပါပြီ။ တနင်္လာနေ့မှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ၀-၀ နဲ့ သရေကျသွားခဲ့လို့ သူတို့ရဲ့ ကံကြမ္မာက အတည်ဖြစ်သွားခဲ့တာပါ။ နည်းပြ ရော့ဘ် အက်ဒဝပ်ရဲ့ အသင်းဟာ ၃၃ ပွဲ ကစားပြီးချိန်မှာ ၁၇ မှတ်ပဲ ရထားပါတယ်။

ဝုလ်ဗ်ဟာ ရာသီအစမှာ ဗစ်တာ ပီရဲရားနဲ့ စတင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ သူ့ကို ထုတ်ပယ်ခဲ့ပြီး လူတန်တောင်းနဲ့ မစ်ဒယ်ဘရော့ နည်းပြဟောင်း ရော့ဘ် အက်ဒဝပ်နဲ့ အစားထိုးခဲ့ပါတယ်။ ပီရဲရားကတော့ အခု နော်တင်ဟမ်ဖောရက်စ်မှာ ရောက်နေပြီး တန်းမဆင်းရအောင် ရုန်းကန်နေရပေမဲ့ နောက်ဆုံးရလဒ်တွေအရ တန်းတင်ဖို့ နီးစပ်နေပါတယ်။

ဝုလ်ဗ်အတွက် ဒီရာသီကတော့ တကယ့်ကို ဆိုးရွားခဲ့ပြီး ဇန်နဝါရီလကျမှ ပထမဆုံးနိုင်ပွဲ စရခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာလည်း အက်စတွန်ဗီလာနဲ့ လီဗာပူးတို့ကို နိုင်ခဲ့တာကလွဲလို့ စုစုပေါင်း ၂ ပွဲပဲ ထပ်နိုင်ပါတော့တယ်။ အခုလို တန်းဆင်းသွားတာဟာ ပရီးမီးယားလိဂ်မှာ ၈ ရာသီကြာ ရပ်တည်ခဲ့မှုကို အဆုံးသတ်လိုက်တာဖြစ်ပြီး ၂၀၁၇-၁၈ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံရှစ်လိဂ်ဆီ ပြန်ရောက်သွားတာပါ။

ဝုလ်ဗ်ရဲ့ ယာယီအမှုဆောင် နာသန် ရှီးကတော့ ပရိသတ်တွေဟာ ဒီထက်ကောင်းတာနဲ့ ထိုက်တန်တယ်လို့ ပြောခဲ့ပြီး ရှင်းလင်းပြတ်သားတဲ့ ပြန်လည်တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

“တန်းဆင်းသွားတာကို အတည်ပြုရတာ ဝုလ်ဗ်နဲ့ ပတ်သက်သူတိုင်းအတွက် ခက်ခဲတဲ့ အချိန်ပါပဲ။ စိတ်ပျက်စရာကောင်းပေမဲ့ ကျွန်တော်တို့ ဒီဇင်ဘာလကတည်းက ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဘာတွေတိုးတက်ဖို့ လိုလဲဆိုတာ သိပြီးသားမို့ အသင်းကို ပိုတောင့်တင်းအောင်လုပ်ပြီး ပရိသတ်တွေ ယုံကြည်ရတဲ့ အသင်းပြန်ဖြစ်အောင် လုပ်သွားမှာပါ။ ဒီရာသီမှာ သည်းခံပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ဟာ ဂုဏ်ယူရတဲ့ အသင်းတစ်သင်းနဲ့ ထိုက်တန်ပါတယ်” လို့ သူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source : https://www.espn.com.au/

Leave a Reply

Your email address will not be published. Required fields are marked *