၁၃ နှစ်အကြာမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြန်လာဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ဟိုဆေး မော်ရင်ညို

ဟိုဆေး မော်ရင်ညို ရီးရဲလ်မက်ဒရစ်

ဟိုဆေး မော်ရင်ညိုဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီ နည်းပြချုပ်အဖြစ် ၂ နှစ်စာချုပ်နဲ့ ပြန်လာဖို့ သဘောတူညီလိုက်ပါပြီ။

ဆုဖလားလက်မဲ့နဲ့ စိတ်ပျက်စရာကောင်းအောင် ရာသီသိမ်းခဲ့ရပြီးနောက် ကွင်းပြင်ပက ပြဿနာတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကစားသမားတွေရဲ့ အဝတ်လဲခန်းကို ပြန်လည်ထိန်းကျောင်းဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပထမအကြိမ် ကိုင်တွယ်ခဲ့ပြီးတဲ့ ၁၃ နှစ်အကြာမှာ မော်ရင်ညိုကို ပြန်ခေါ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လာမဲ့တနင်္ဂနွေနေ့မှာ ကစားမဲ့ အသလက်တစ် ဘီလ်ဘာအိုနဲ့ ရာသီပိတ်ပွဲစဉ်အပြီးမှာ တရားဝင်ကြေညာချက် ထွက်ပေါ်လာဖို့ မျှော်လင့်ရပါတယ်။ စာချုပ်ထဲမှာ နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် အချက်အလက်လည်း ပါဝင်ပြီး မော်ရင်ညိုကို လာမဲ့အပတ် မက်ဒရစ်မြို့မှာ မိတ်ဆက်သွားမှာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဇာဘီ အလွန်ဆို ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် အယ်လ်ဗာရို အာဘီလိုအာက ရီးရဲလ်မက်ဒရစ်ကို ယာယီကိုင်တွယ်နေခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ညိုအနေနဲ့ သူ့ရဲ့ ကစားသမားဟောင်း ၂ ဦးထက် ပိုကောင်းတဲ့ ရလဒ်တွေ လုပ်ပြနိုင်ဖို့ မျှော်လင့်နေမှာပါ။ မော်ရင်ညိုဟာ စနေနေ့က ဘင်ဖီကာအသင်းနဲ့အတူ အက်စတိုရီလ်ကို ၃-၁ နဲ့ အနိုင်ယူပြီး စံချိန်တင် ရှုံးပွဲမရှိမှတ်တမ်းနဲ့ ပေါ်တူဂီလိဂ်မှာ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၈ လကမှ ချုပ်ဆိုထားတဲ့ ဘင်ဖီကာနဲ့ စာချုပ်ထဲက လျော်ကြေးငွေ ပေါင် ၂.၆ သန်း ပေးရင် ထွက်ခွာခွင့်ရှိတဲ့ အချက်အလက်ကြောင့် သူကအခုလို ထွက်ခွာနိုင်ခဲ့တာ ဖြစ်ပါတယ်။ Sky Sports News ရဲ့ ဖော်ပြချက်အရ မော်ရင်ညိုဟာ ဘင်ဖီကာကနေ နည်းပြ ၄ ဦးကို ဘာနေဗျူးဆီ ခေါ်ဆောင်သွားမှာပါ။

မော်ရင်ညိုဟာ ပထမအကြိမ် ကိုင်တွယ်စဉ်ကတည်းက ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလောရန်တီးနိုး ပီရက်ဇ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ မော်ရင်ညိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ် မန်ဒက်စ်က ပီရက်ဇ်ရီးရဲလ်မက်ဒရစ်တို့နဲ့ ဆွေးနွေးပွဲကို လုပ်ဆောင်ပေးခဲ့တာပါ။

“သူဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းအချို့ကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ ပျက်စီးနေတဲ့ အဝတ်လဲခန်းကို ပြန်ပြင်ဖို့ သူက သင့်တော်တဲ့လူ ဟုတ်မဟုတ်တော့ ကျွန်တော် မသိဘူး။ ဒါက ထူးဆန်းပေမဲ့ နာမည်ကြီး နည်းပြဟောင်းတွေအပေါ် ကမ္ဘာကြီးရဲ့ မြင်ကွင်းကို ပြသနေတာပါ။ ရီးရဲလ်မက်ဒရစ်က ဟိုဆေး မော်ရင်ညိုဆီ ပြန်သွားတယ်ဆိုတာ အပြင်မှာ တခြားအရည်အသွေးရှိတဲ့ နည်းပြမရှိတော့ဘူးလို့ ပြောနေသလိုပါပဲ။” လို့ ဘောလုံးဝေဖန်သူတစ်ဦးက ဆိုပါတယ်။

ပထမအကြိမ် ကိုင်တွယ်စဉ်တုန်းက ဘာစီလိုနာနဲ့အတူ စိုးမိုးထားတဲ့ ပက် ဂွါဒီယိုလာရဲ့ ခေတ်ကို အဆုံးသတ်ဖို့ မော်ရင်ညို တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ ပေါ်တူဂီနည်းပြဟာ ၂၀၁၀-၁၁ ရာသီ ပထမဆုံးနှစ်မှာတော့ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ သတ်မှတ်ခံထားရတဲ့ ဘာစီလိုနာကို ယှဉ်ပြိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ နိုဝင်ဘာလတုန်းက ဂွါဒီယိုလာရဲ့ ဘာစီလိုနာကို ၅-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီး အဲ့ဒီရာသီမှာ ဘာစီလိုနာက လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလားတွေကို ရယူသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း မော်ရင်ညိုရဲ့ အသင်းဟာ ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ဘာစီလိုနာကို အနိုင်ယူပြီး သူတို့ရဲ့ ဖလားသုံးလုံး စံချိန်ကို တားဆီးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၁၁-၁၂ ရာသီမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါ ချန်ပီယံဆုကို ရယူပေးကာ ၄ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်နေမှုကို စံချိန်တင် ရလဒ်တွေနဲ့ အဆုံးသတ်ပေးခဲ့ပါတယ်။ သူ့ရဲ့ အသင်းဟာ စပိန်မြေမှာ ပထမဆုံးအကြိမ်အဖြစ် ရမှတ် ၁၀၀ နဲ့ ချန်ပီယံဖြစ်ခဲ့ပြီး နောက်ရာသီမှာ ဘာစီလိုနာက ဒီစံချိန်ကို လိုက်မီခဲ့ပေမဲ့ အခုထိတော့ ဘယ်သူမှ မကျော်ဖြတ်နိုင်သေးပါဘူး။ အဲ့ဒီရာသီက မော်ရင်ညိုရဲ့ အသင်း သွင်းယူခဲ့တဲ့ သွင်းဂိုး ၁၂၁ ဂိုးနဲ့ နိုင်ပွဲ ၃၂ ပွဲ စံချိန်ဟာ လာလီဂါ သမိုင်းတစ်လျှောက် အများဆုံး စံချိန်အဖြစ် အခုထိတည်ရှိနေဆဲ ဖြစ်ပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *