မိုက်ကယ် ကားရစ် ဟာ ယာယီနည်းပြအဖြစ် အိုးထရက်ဖို့ဒ် မှာ အထင်ကြီးစရာ စွမ်းဆောင်ပြနိုင်ခဲ့ပေမဲ့ သူဟာ မန်ချက်စတာ ယူနိုက်တက် ကို ထိပ်တန်းအဆင့်ဆီ ပြန်ခေါ်ဆောင်သွားနိုင်မဲ့ အသင့်တော်ဆုံးလူဖြစ်တယ်ဆိုတာကို ရွိုင်းကိန်း ကတော့ မယုံကြည်သေးပါဘူး။
ပရီးမီးယားလိဂ် မှာ အဆင့် ၃ နေရာနဲ့ ရာသီပိတ်နိုင်ခဲ့ပြီးနောက် ကလပ်အသင်းဘက်က မိုက်ကယ် ကားရစ် ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဝါရင့်ကပ္ပတိန်ဟောင်းကြီးက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။
တနင်္ဂနွေနေ့က နော်တင်ဟမ် ဖောရက်စ် ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ရွိုင်းကိန်း က စကိုင်းစပေါ့စ် အစီအစဉ်ကနေတစ်ဆင့် မိုက်ကယ် ကားရစ် ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို ပြတ်ပြတ်သားသား သုံးသပ်ပြသွားခဲ့ပါတယ်။ ယာယီနည်းပြဟာ အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် အောင်မြင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပေမဲ့ အစစ်အမှန် အလုပ်တွေက အခုမှစမှာဖြစ်တယ်လို့ ရွိုင်းကိန်း က ယုံကြည်နေပါတယ်။
“ဟုတ်ပါတယ်၊ သူ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ အသင်းကို ကောင်းကောင်း ဦးဆောင်ခဲ့ပါတယ်” လို့ မိုက်ကယ် ကားရစ် အမြဲတမ်းနည်းပြရာထူးနဲ့ ထိုက်တန်သလားလို့ မေးမြန်းတဲ့အခါမှာ ရွိုင်းကိန်း က ပြောပါတယ်။ “ကျွန်တော် ထင်တာကတော့ သူ့ကို ပေးထားတဲ့ တာဝန်က ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ပါ၊ သူတို့ ဒါကို လုပ်နိုင်ခဲ့ပေမဲ့ ရှေ့မှာ ကြီးမားတဲ့ ပြဿနာတွေ ရှိနေတုန်းပါပဲ။ သူက တကယ်ပဲ အကောင်းဆုံး ရွေးချယ်မှု ဟုတ်ရဲ့လား။ သူတို့ တခြား ဘယ်နည်းပြတွေနဲ့ စကားပြောခဲ့လဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ သူ ပွဲတွေ ဆက်တိုက် နိုင်ခဲ့တာကတော့ အမှန်ပဲ… ဒါပေမဲ့ ယူနိုက်တက် မှာ ကြီးမားတဲ့ ပြဿနာတွေ ရှိနေတုန်းပါပဲ။ တကယ့်ကို ပြဿနာအကြီးကြီးတွေပါ”
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ရူဘင် အာမိုရင် ထွက်ခွာသွားပြီးနောက် လစ်လပ်နေတဲ့ နေရာကို ဝင်ရောက်ကိုင်တွယ်ခဲ့ချိန်ကစလို့ မိုက်ကယ် ကားရစ် ရဲ့ တန်ဖိုးက သိသိသာသာ မြင့်တက်လာခဲ့တာပါ။ ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မဲ့ ရာသီတစ်ခုကို မစ်ဒယ်ဘရော့ နည်းပြဟောင်းက ကယ်တင်ပေးနိုင်ခဲ့ပြီး အဆင့် ၃ နေရာ သေချာအောင်အထိ စွမ်းဆောင်ပေးခဲ့ပါတယ်။
ဒီလို ပြန်လည်ရုန်းထွက်နိုင်မှုကြောင့်ပဲ ယူနိုက်တက် အားကစားဒါရိုက်တာအဖွဲ့က မိုက်ကယ် ကားရစ် ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ယုံကြည်သွားခဲ့ကြပြီး လာမဲ့ရက်ပိုင်းအတွင်းမှာ တရားဝင် ကြေညာချက် ထွက်ပေါ်လာတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ ရွိုင်းကိန်း ကတော့ ယူနိုက်တက် ရဲ့ အောင်မြင်မှုတွေ ဆက်ရှိနေပါ့မလားဆိုတာကို သံသယရှိနေတုန်းပါပဲ။
“အခုတော့ ကစားသမားသစ်တွေ ခေါ်ယူဖို့၊ ကွင်းလယ်မှာ ကြံ့ခိုင်မှုရှိတဲ့ ကစားသမားတွေ ဖြည့်တင်းဖို့နဲ့ ဂိုးတွေ အလွယ်တကူ ပေးနေရတာကို တားဆီးဖို့က သူ့ရဲ့ တာဝန်တွေ ဖြစ်လာတော့မှာပါ၊ ဒါတွေက သူ ဖြေရှင်းရမဲ့ ပိုကြီးမားတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်” လို့ ယူနိုက်တက် ကပ္ပတိန်ဟောင်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဒီအိုင်းရစ်လူမျိုးရဲ့ အဓိက စိုးရိမ်မှုကတော့ ယူနိုက်တက် နည်းပြရာထူးနဲ့အတူ မလွဲမသွေ ကြုံတွေ့ရမဲ့ အခက်အခဲ ကာလတွေကို မိုက်ကယ် ကားရစ် ဘယ်လို ကိုင်တွယ်မလဲဆိုတာပါပဲ။ သူက အသင်းရဲ့ ခန့်အပ်မှုဟာ ထိပ်တန်းအဆင့် အောင်မြင်မှုကို လိုက်လံဖမ်းဆွဲတာထက် တည်ငြိမ်မှုကိုပဲ လိုချင်လို့ ရွေးချယ်လိုက်တာလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
“ဒါတွေက ကြီးမားတဲ့ စိန်ခေါ်မှုတွေပါ၊ လာမဲ့ လအနည်းငယ်အတွင်းမှာ အသင်းရလဒ်တွေ နည်းနည်းဆိုးရွားလာတဲ့ အချိန်တိုင်းမှာ ‘သူ ဒါကို ရင်ဆိုင်ဖို့ အတွေ့အကြုံ လုံလောက်ရဲ့လား’ ဆိုတဲ့ မေးခွန်းက ထွက်လာတော့မှာပါ” လို့ ရွိုင်းကိန်း က ပြောပါတယ်။
“သူ အရင်က မစ်ဒယ်ဘရော့ ကို ကိုင်တွယ်ခဲ့ဖူးသလို ယူနိုက်တက် မှာလည်း ဖြတ်သန်းမှုတွေ ရှိခဲ့ပါတယ်။ အခု သူ အခွင့်အရေး ရသွားပြီဖြစ်လို့ ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရမှာပါ၊ သူ ကောင်းကောင်း လုပ်နိုင်ရင်တော့ အရမ်းကောင်းတာပေါ့။ ကျွန်တော့်မှာ သံသယတွေ ရှိနေပေမဲ့ စောင့်ကြည့်ရမှာပါ။ ကလပ်အသင်းဘက်က ကြည့်ရင်တော့ ဒါက ဘေးကင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ထင်ရပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အရင်ဆုံးဖြတ်ချက်က လွဲချော်ခဲ့လို့ပါ။ မိုက်ကယ် ကားရစ် ဝင်လာပြီး အားလုံးကို တည်ငြိမ်အောင် လုပ်ပေးနိုင်ခဲ့သလို ပွဲအချို့ကိုလည်း နိုင်အောင် ဆော့ပြနိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါဟာ အန္တရာယ်အကင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး တစ်ခါတရံမှာ ဒါက ဘာမှ မမှားပါဘူး” လို့ ပြောသွားခဲ့ပါတယ်။
Source : https://www.goal.com/




